ရန်ကုန် ၆ ဇွန် 


မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ ဆေးရုံများ၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအကြား ကျယ်ပြန့်သော ကွန်ယက်တစ်ခုရရှိနိုင်စေရန်နှင့် စီးပွားရေးရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများ တိုးပွားလာစေရန် ရည်ရွယ်ပြုလုပ်သည့် Hospital Business Matching 2019 ကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမပေါ်ရှိ ပူးမင်းရန်ကုန်စင်တာပွိုင့်တွင် ကျင်းပခဲ့သည်။


မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးသံရုံးမှ ကြီးမှူးကျင်းပသော အဆိုပါအခမ်းအနားတွင် ထိုင်းစီးပွားရေး သံမှူး Ms. Walikar ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Syphatra Srimaitreephitak ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဆရာဝန်များအသင်းဥက္ကဋ္ဌ ဒေါက်တာ Rai Mra တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံ ရှိ နာမည်ကြီးဆေးရုံ ၁၀ ရုံ၏ ဗီဒီယိုကို ပြသခဲ့သည်။


မြန်မာနိုင်ငံသို့ လာရောက်မိတ်ဆက်သော ထိုင်းနိုင်ငံမှ နာမည်ကြီးဆေးရုံ ၁၀ ခုသည် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် အရည်အသွေး ပြည့်ဝသော ဆေးပညာဆိုင်ရာဝန်ဆောင်မှုများကို ဝေမျှနိုင်ရန်အတွက် ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

 
“ဒီပွဲက သတင်းအချက်အလက်တွေ အများကြီးပေးနိုင်မှာပါ။ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အတူ မြန်မာပြည်သူလူထုကိုလည်း အချက်အလက်တွေ အများကြီးပေးနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ နှစ်စဉ် နိုင်ငံရပ်ခြားမှာ ဆေးသွားကုလေ့ရှိကြတဲ့ လူအများစုဟာ ထိုင်းနိုင်ငံကို သွားလေ့ရှိကြပါတယ်။ ထိုင်းနိုင်ငံမှာ သွားလုပ်တဲ့အချို့အပိုင်းတွေသည် မြန်မာနိုင်ငံမှ ရနေပြီဖြစ်ပါတယ်။ ထိုင်းဆေးရုံတွေသည် မြန်မာနိုင်ငံဘက်ကိုဝင်လာပြီး မြန်မာပြည်သူလူထုတွေရဲ့ ကျန်းမာရေးကဏ္ဍကို ဝင်ရောက်ကူညီပေးနေပြီ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက ပြောကြားသည်။


ယနေ့ပြသသော ဆေးပညာရပ်ဆိုင်ရာဝန်ဆောင်မှုပြပွဲတွင် ထိုင်းနိုင်ငံရှိ ဆေးရုံလုပ်ငန်းရှင် အယောက် ၃၀ က အထွေထွေရောဂါကုဆေးရုံ၊ နှလုံးအထူးကုဆေးရုံ၊ အရိုးအကြောအထူးကုစင်တာ၊ အစာအိမ်နှင့် အူလမ်းကြောင်းစင်တာ၊ ကင်ဆာအထူးကုစင်တာ၊ မျက်စိခွဲစိတ်ကုသရေးစင်တာ၊ အကြောအဆစ်ပြန်လည် သန်စွမ်းရေးစင်တာ၊ အလှအပနှင့် ပြုပြင်ရေးဆိုင်ရာစင်တာ သာမက နိုင်ငံတကာအဆင့်မီ ဆေးတက္ကသိုလ်များလည်း ပါဝင်ကာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် လာရောက်ပြသလျက်ရှိကြောင်း သိရသည်။


ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း