ရန်ကုန်  ၂  ဇွန် 

 

မြန်မာ့ရုပ်ရှင်နှစ်(၁၀ဝ) ပြည့် အခမ်းအနားကျင်းပရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရုပ်ရှင် နှစ်(၁၀ဝ)ပြည့် အခမ်းအနားကို ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ ပွဲတော်အတွက် ယာယီကော်မတီဖွဲ့စည်းပြီး ရုပ်ရှင်လောကသားများသာမက အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများကပါ စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းပါဝင်လာပါက ပိုမိုကောင်းမွန်သည့် ပွဲတော်ဖြစ်လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာ့ရုပ်ရှင် နှစ်(၁၀ဝ) ပြည့် အခမ်းအနား ကျင်းပရေးအတွက် ပြီးခဲ့သည့် မြန်မာ့ရုပ်ရှင်ရတုအဆက်ဆက်ပွဲစဉ်များ ကျင်းပခဲ့ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများ၊ ပွဲတော်အကြိုကာလ၌  ပြည်တွင်းတွင်သာမက ပြည်ပတွင် လှုပ်ရှားဆောင်ရွက်မည့်အစီအစဉ်များ၊ ပြည်ပနိုင်ငံများတွင် သွားရောက်လေ့လာခဲ့သည့် အတွေ့အကြုံများကို မူတည်၍ အကြံပြုချက်များ၊ မြန်မာ့ရုပ်ရှင်သမိုင်းကို ဇာတ်လမ်းရိုက်ကူးထုတ်လွှင့်ရေး၊ ခေတ်ဦးရုပ်ရှင်ဇာတ်ကားများနှင့် ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ ပြန်လည်ထုတ်လွှင့်ပြသရေး၊ ထူးချွန်သရုပ်ဆောင်များသာမက ပိတ်ကားနောက်ကွယ်မှ အတတ်ပညာရှင်တို့၏အကြောင်း ဆွေးနွေးပွဲများ လုပ်ဆောင်ရေး၊ ရန်ပုံငွေရှာဖွေရေး၊ ပွဲတော်ကျင်းပမည့်နေရာ ရွေးချယ်ရေးနှင့်  ယာယီကော်မတီဖွဲ့စည်းရေး စသည့်တို့ကို ဆွေးနွေးကြသည်။

 

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲနိုင်တို့က ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးသည်။

 

ယနေ့ညှိနှိုင်းအစည်းအဝေးတွင် မြန်မာ့ရုပ်ရှင် နှစ်(၁၀ဝ) ပွဲတော် ဖြစ်မြောက်ရေး ယာယီကော်မတီကို တာဝန်ရှိသူများနှင့် ဖွဲ့စည်းပြီး ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆက်လက်ဆွေးနွေးသွားရန် ဆုံးဖြတ်ခဲ့ကြသည်။

 

(သတင်းစဉ်)

 

KHP_005