မန္တလေး ၁၆ မေ
မြန်မာ့သရက်သီးနှင့် သရက်သီးတန်ဖိုးမြင့်ထုတ်ကုန် ဈေးရောင်းပွဲ နောက်ဆုံးရက်တွင် သရက်သီးတစ်လုံးကို ၅၀ ကျပ်တန် တစ်ရွက်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းထံမှ သိရသည်။
မြန်မာ့သရက်သီးနှင့် သရက်သီးတန်ဖိုးမြင့်ထုတ်ကုန် ဈေးရောင်းပွဲကို မန္တလေးတောင်ခြေရှိ ကုသိုတော်ဘုရား အနောက်ဘက်တွင် အခုလ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပနေသည်။
"ကဆုန်လပြည့်နေ့မှာ သရက်သီး စတုဒီသာလည်း ကျွေးမယ်။ အဲဒီနေ့ညနေပိုင်းမှာ သစ်သီးဝလံအသင်းက သရက်သီးတစ်လုံးကို ၅၀ နဲ့ရောင်းချပေးမှာပါ'' ဟု မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ထွေထွေအတွင်းရေးမှုး ဦးကျော်စိုးနိုင်က ပြောသည်။
မြန်မာ့သရက်သီးနှင့် သရက်သီးတန်ဖိုးမြှင့် ထုတ်ကုန် ဈေးရောင်းပွဲ နောက်ဆုံးရက်ဖြစ်သည့် ကဆုန်လပြည့်နေ့တွင် သရက်သီးအလုံး ၅၀ဝ၀ ခန့်ကို တစ်လုံး ၅၀ ကျပ်တန် တစ်ရွက်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။ ရောင်းချ၍ရသည့် ငွေအား ကုသိုလ်တော် ဘုရားဂေါပကအဖွဲ့ထံ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ကျင်းပသည့် သရက်သီးဈေးရောင်းပွဲတော် နောက်ဆုံးရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ပုံပါသည့် ပိုက်ဆံတစ်ရွက်ကို သရက်သီးတစ်လုံးနှုန်းဖြင့် အလုံးရေ ၉၆၀ဝ ရောင်းချခဲ့သည်။
မြန်မာ့သရက်သီးနှင့် သရက်သီးတန်ဖိုးမြင့် ထုတ်ကုန်များ ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း ၄၆ ခန်းကျော် ပါဝင်ပြီး သရက်သီးပြခန်းလည်း ပါဝင်ကြောင်း သိရသည်။
အိမို့မို့ခိုင်