ပြင်ဦးလွင် စက်တင်ဘာ ၁၆
မြန်မာ့ထွက်ကုန်ဖြစ်သော Hass ထောပတ်သီးမျိုးကို ယခုနှစ်ရာသီတွင် ဒူဘိုင်းနှင့် စင်ကာပူနိုင်ငံသို့ တင်ပို့သွားနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွှန့်က ပြောသည်။
အဆိုပါနိုင်ငံများမှ Hass ထောပတ်မျိုးများကို ဝယ်ယူရန်အတွက် အမှာစာများပေးပို့ထားရှိကြောင်း၊ လက်ရှိအချိန်တွင် ယင်းနိုင်ငံများမှ ပေးသည့်ဈေးနှုန်းများနှင့် တောင်သူများထံမှ ပြန်လည်ဝယ်ယူရမည့် ဈေးနှုန်းကိုက်ညီမှုရှိစေရန် ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ထောပတ်ခူးစွတ်ချိန်သည် ဒီဇင်ဘာလတွင် ခူးစွတ်မည်ဖြစ်၍ ယင်းနိုင်ငံများမှ အမှာရှိသလောက်ကို တင်ပို့သွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
“ဒူဘိုင်းနဲ့ စင်ကာပူနိုင်ငံတွေက တင်ပို့နိုင်ဖို့အတွက် အမှာစာတွေ ရောက်ရှိထားပါတယ်။ လက်ရှိမှာ ဈေးကောင်းရရှိဖို့အတွက် ဈေးနှုန်းတွေ ညှိနှိုင်းနေပါတယ်။ Hass မျိုးကိုပဲ အဓိကပို့ဆောင်သွားမှာပါ။ ပြည်ပဝယ်လိုအားကောင်းတာက Hass အမျိုးအစား ထောပတ်သီးဖြစ်ပါတယ်။ တောင်သူတွေဆီကလည်း ထောပတ်သီးတွေ တစ်နှစ်ပြီးတစ်နှစ် လှိုင်လှိုင်ထွက်ရှိလာတော့မှာ ဖြစ်တာကြောင့် ဈေးကွက်ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက ထောပတ်သီးက မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမြောက် ပြည်ပပို့ကုန်ထဲမှာပါဝင်ပါတယ်။ နိုင်ငံခြားမျိုးတွေ စစိုက်ကတည်းက ပြည်ပပို့ကုန်အတွက် ရည်ရွယ်တာပါ။ ဒါကြောင့် ပြည်ပဈေးကွက်ရရှိရေးကိုလည်း ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ယခုနှစ် ထောပတ်သီးရာသီချိန်တွင် ဝယ်ယူရန်အတွက် ဒူဘိုင်းနိုင်ငံမှ မှာယူမှုသည် ၁၅ ရက် တစ်ပတ်လျှင် တန်ချိန် ၃၀ ခန့်ပို့နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ထားကြောင်း၊ ထို့အတူ စင်ကာပူနိုင်ငံသို့လည်း တန်ချိန် ၃၀ ခန့် တင်ပို့သွားရမည်ဖြစ်ကာ အဆိုပါ ထောပတ်သီးတင်ပို့ခြင်းကို ရာသီတစ်လျောက်လုံး တင်ပို့သွားမည်ဖြစ်ကြောင်း၊ ယင်းနိုင်ငံများမှ အမှာရှိသလောက်ကို တင်ပို့ပေးသွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ၎င်းနိုင်ငံများအပြင် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)