မန္တလေး၊ ဇန်နဝါရီ ၁၁

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းရာတွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆက်ကပ်ခြင်းခံရသော နိုင်ငံတော်ဩဝါဒစရိယ၊ မဏိရတနာ မြတောင်ကျောင်းတိုက် အဓိပတိမဟာနာယကဆရာတော် ဘဒ္ဒန္တအင်္ကုရအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် ဇနီးတို့က ဂုဏ်ပြု ပူဇော်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ယင်းကျောင်းတိုက်ရှိ မြတောင်သာသနာ နှစ်(၁၀၀) ပြည့်ဗိမာန်တော်တွင် ကျင်းပသည်။

 

အခမ်းအနားတွင် ဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူကာ ပရိတ်တရားတော်များ နာယူကြည်ညိုပြီး  ပဒေသာရွှေကျောင်းဆရာတော် ဘဒ္ဒန္တရာဇိန္နက မှ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိကထာကို ဖတ်ကြားပူဇော်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ် က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် ဇနီးတို့က အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော မြတောင်ကျောင်းတိုက် ဆရာတော်ကြီးအား နဝကမ္မလှူဒါန်းငွေကျပ်သိန်း (၃၀) နှင့် သင်္ကန်း၊ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ပင့်သံဃာများနှင့် ကျောင်းတိုက်ရှိ နာယက၊ စာချဆရာတော်များနှင့် စာသင်ရဟန်း သံဃာများအတွက် နဝကမ္မလှူဒါန်းငွေ ကျပ် (၁၃,၆၈၀,၀၀၀/-) ကို သာယာဝင်းကျောင်း ဆရာတော်ထံသို့လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ ဇနီးတို့က ယခင်နှစ်ကရရှိခဲ့သော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိသော ဆရာတော်များအား သင်္ကန်း၊ လှူဖွယ်နှင့် ဝတ္ထုငွေများကိုလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများ၏ ဇနီးများက သင်္ကန်းအစရှိသော   လှူဖွယ်ပစ္စည်းများကို လည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။

 

mdn

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ  မဏိရတနာ မြတောင်ကျောင်းတိုက်ဝင်း အတွင်းရှိ အောက်ဆီဂျင်စက်ရုံအတွက် ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ရန် လှူဒါန်းငွေကျပ်သိန်း (၂၆၀) ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြပြီး မဏိရတနာမြတောင် ကျောင်းတိုက်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် သာယာဝင်းကျောင်းဆရာတော် ဘဒ္ဒန္တ သာဂရာဘိဝံသထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ ရေစက်ချတရားနာယူ ကြည်ညိုကြပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

 

ယနေ့အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် ဇနီး မိသားစုတို့က ဆွမ်း၊ သင်္ကန်း၊ ဆွမ်းစားဆောင်သုံးပစ္စည်းများ၊ လှူဒါန်းငွေများ စုစုပေါင်း ကျပ်(၂၇,၉၃၀,၀၀၀/-)၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တို့မှ အောက်ဆီဂျင် စက်ရုံအတွက် ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန် လှူဒါန်းငွေကျပ်သိန်း (၂၆၀) စုစုပေါင်းငွေကျပ် (၅၃၉၃၀၀၀၀/-) လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်