မော်လမြိုင် ဇူလိုင် ၁၇
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇူလိုင် ၁၆ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ အောက်စီဂျင်လိုအပ်သည့် ပိုးတွေ့အတည်ပြု လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် အောက်စီဂျင် ထုတ်လုပ်နေသည့် မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ပုဂ္ဂလိကစက်ရုံအဖြစ် ကျောက်တန်း စက်ရုံစုရှိ သံလွင်အောက်စီဂျင်ထုတ် စက်ရုံတို့အား သွားရောက်ကြည့်ရှုသည်။
ထိုသို့ကြည့်ရှုရာတွင် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျင်မြန်စွာ မြင့်တက်လာပြီဖြစ်ကြောင်း၊ အောက်စီဂျင်လိုအပ်သည့် ပိုးတွေ့ရှိ အတည်ပြုလူနာများအတွက် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် အောက်စီဂျင်ပြတ်လပ်မှု မရှိစေရေး၊ ဖြည့်ဆည်းဆောင်ရွက်ပေးရေးတို့ကို အထူးအလေးထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
မွန်ပြည်နယ်တွင် အောက်စီဂျင်ထုတ်လုပ်မှုအနေဖြင့် မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် အောက်စီဂျင်စက်နှစ်လုံးမှ တစ်နေ့လျှင် (၄၀) လီတာအိုး အလုံး (၈၀) နှင့် ရေးမြို့နယ် ပြည်သူ့ဆေးရုံတွင် အိုးအလုံး (၄၀) ထုတ်လုပ်ပေးလျက်ရှိပြီး ပုဂ္ဂလိက စက်ရုံများအနေဖြင့် လိုအပ်သည့်အောက်စီဂျင်များကို ထုတ်လုပ်နိုင်ရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


