မော်လမြိုင် စက်တင်ဘာ ၁၆
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရာ၌ လူစုဝေး၍ အသွားအလာများသည့် နေရာများနှင့် လူအများစုဝေးရာ နေရာများတွင် နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ်ထားသည့် ရက်များအလိုက် နှာခေါင်းစည်း(Mask) တပ်ဆင်ရေး လှုံ့ဆော်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ မောင်ငံဈေးနှင့် သံလွင်ဈေးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
မော်လမြိုင်မြို့နယ်အတွင်း ခရီးသွားများနှင့် ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်စေရန်၊ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသူတိုင်း နှာခေါင်းစည်း (Mask)ကို တပ်ဆင်သွားလာရန်၊ လက်ကို မကြာခဏ စင်ကြယ်စွာ ဆေးကြောသည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန် အသိပညာပေးပြောကြားခြင်းနှင့် နှာခေါင်းစည်း(Mask)ကို အခမဲ့ ဖြန့်ဝေပေးခြင်းကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ် အစိုးရအဖွဲ့၀င် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ခရိုင် ပြန်/ဆက်)