နေပြည်တော် ၂၆ စက်တင်ဘာ

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ကျေးလက်နေပြည်သူများ တွေ့ကြုံရသော လူမှုစီးပွားဘဝထိခိုက်မှုများကို ကုစားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရက Covid-19 စီးပွားရေး ထိခိုက်မှုသက်သာစေရေးစီမံချက် (Covid-19 Economic Relief Plan) ကို ရေးဆွဲထုတ်ပြန်ကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် မွန်ပြည်နယ်အတွင်းရှိ Cash For Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းများမှာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

လုပ်ငန်းစီမံချက်၂.၁.၇(ခ) အရ မွန်ပြည်နယ်အတွင်းရှိ Cash for Work စီမံကိန်းအား ကျေးရွာ (၁၁၁) ရွာတွင် Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သန်း (၁၁၁၀)ဖြင့် လမ်းပြုပြင်ခြင်း လုပ်ငန်း (၇၇)ခု၊ တံတားပြုပြင်ခြင်းလုပ်ငန်း (၅၀)ခု၊ ရေရရှိရေးလုပ်ငန်း (၁၇)ခု၊ ကျန်းမာသန့်ရှင်းရေးလုပ်ငန်း (၈၃)ခု၊ အခြားအဆောက်အဦလုပ်ငန်း (၄)ခု၊ ပညာရေးဆိုင်ရာ အဆောက်အဦပြုပြင်ခြင်းလုပ်ငန်း (၁၇)ခုနှင့် အခြားလုပ်ငန်း (၂၃)ခုတို့ကို နည်းပညာများပံ့ပိုးပေးပြီး ကျေးရွာကုန်ထုတ်လုပ်မှုနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်သားအင်အားအသုံးပြုရသည့် နည်းလမ်းဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သော စနစ်ဖြင့် ဇူလိုင်လ ဒုတိယပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခု စက်တင်ဘာ ဒုတိယပတ်အတွင်း လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဖြင့် ပြည်နယ်အတွင်းရှိ ကျေးရွာ (၇၀)တွင် လုပ်ကွက်ငယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအား နိုင်ငံတော်က ချေးငွေများ ထုတ်ပေးနိုင်ခဲ့ပြီး လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ကျေးလက်နေပြည်သူများ၏ စီပွားရေးအခွင့်အလမ်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

ဂျိမ်းလော(နာဂ)