မော်လမြိုင် စက်တင်ဘာ ၁၉

မွန်ပြည်နယ်တွင် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများကို အသုံးပြုရန် ထုတ်လုပ်ထားသော ထုတ်ကုန်များကို ပြည်တွင်းတင်သွင်းခြင်းနှင့် ပြည်ပတင်ပို့ခြင်းများအား ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေပါအတိုင်း သတ်မှတ် စည်းကမ်းချက်များအညီ လိုက်နာခြင်းရှိ/မရှိ စိစစ်ကြီးကြပ်၍ မှတ်ပုံတင် လက်မှတ်များ ထုတ်ပေးခြင်းနှင့် ခွင့်ပြုခြင်းများကို ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း က ၂ဝ၂၂ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည်။

၂ဝ၂၂ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ကြစေရေးနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ပြန်လည် ကြွယ်ဝလာစေရေးကို ဦးတည် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသည့် ဒြပ်ပစ္စည်းများ ထုတ်လုပ်လျော့ချသုံးစွဲခြင်းကိုလည်း အထူးအပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၊ ဒေသနှင့် ကိုက်ညီသည့် မူဝါဒများကို ချမှတ်ပြီး သဘာဝသယံဇာတနှင့် ဂေဟစနစ်ကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို အစိုးရနှင့် ပြည်သူလက်တွဲညီစွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းက ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ် ( UNEP ) မှ ပေးပို့လာသော သဝဏ်လွှာအား ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးနှင့် ပြည်နယ်ဝန်ကြီးများသည် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးပြခန်းကို လှည့်လည်ကြည့်ရှု ကြကြောင်း သိရှိရသည်။

သတင်းစဉ်