ညောင်ဦး ၂၅ ဩဂုတ်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးဒုက္ခရောက်နေသည့် မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးအတွက် စေတနာရှင်ပြည်သူများမှ ထည့်ဝင်လှူဒါန်းသည့် အလှူငွေများကို ယခုလ ၃၀ ရက်တွင် သွားရောက်ထောက်ပံ့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း အဆိုပါ မြို့နယ်သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ချုပ်မှ သိရသည်။
မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့လှူဒါန်းပေးနိုင်ရေးအတွက် ညောင်ဦးမြို့နယ် သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ချုပ်မှ ဦးဆောင်ကာ မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့(၉)ဖွဲ့ စုပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများသို့ ဖျော်ဖြေရေးယာဉ်များဖြင့် သွားရောက်လှည့်လည် အလှူခံထွက်ရှိရာ ဒေသခံစေတနာရှင်ပြည်သူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ခရီးသွားပြည်သူများထံမှ စုစုပေါင်း အလှူငွေကျပ် (၈၆)သိန်းကျော် ကောက်ခံရရှိခဲ့ကြောင်း ညောင်ဦးမြို့၊ မြတ်ပါရမီပရဟိတ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်ထံမှ သိရသည်။
“ကျွန်တော်တို့ မြို့နယ်သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေး အဖွဲ့ချုပ်အနေဖြင့် မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့လှူဒါန်းနိုင်ရန် ရည်ရွယ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်တွေနဲ့ အနီးဝန်းကျင်ကျေးရွာတွေကို ဖျော်ဖြေရေးယာဉ်များဖြင့် အလှူခံနေပါတယ်။ ကျွန်တော်တို့အလှူခံအဖွဲ့ကိုလည်း ဒေသခံပြည်သူတွေ၊ မြို့ပေါ်ရပ်ကွက်ရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ခရီးသွားပြည်သူများက စိတ်အားထက်သန်စွာ လာရောက်ထည့်ဝင် လှူဒါန်းပေးကြပါတယ်။ ဩဂုတ် ၂၄ ရက်နေ့အထိ ကောက်ခံရရှိတဲ့ အလှူငွေစုစုပေါင်း ၈၆ သိန်းကျော် ကောက်ခံရရှိသွားပြီဖြစ်ပါတယ်။ ခုလဲ အလှူရှင်တွေက လာရောက်လှူဒါန်းပေးကြတုန်းဆိုတော့ ကျွန်တော်တို့ သွားလှူမဲ့အချိန်ဆိုရင် အလှူငွေရရှိမှုအနေနဲ့ သိန်း ၉၀ ခန့် ကောက်ခံရရှိမယ်လို့ မျှော်မှန်းထားပါတယ်။ ကောက်ခံရရှိတဲ့ အလှူငွေတွေကိုတော့ ယခုလ ၃၀ ရက်နေ့မှာ ပုဂံမြို့လောကနန္ဒာကျောင်း ဆရာတော်နှင့် ညောင်ဦးမြို့၊ ဇေတဝန်ကျောင်းဆရာတော်တို့ ဦးဆောင်မှုနဲ့ မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများထံ သွားရောက်လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။ အခုလို လှူဒါန်းခွင့်ရရှိအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတဲ့ မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့တွေ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူငွေတွေ လှူဒါန်းပေးကြတဲ့ ဒေသခံပြည်သူများကို ကျွန်တော်တို့ မြို့နယ်သဘာဝ ဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေး အဖွဲ့ချုပ်အနေဖြင့် အရမ်းကျေးဇူး တင်ပါတယ်” အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခိုင်လင်းမောင်က ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)


