​မော်လမြိုင် စက်တင်ဘာ ၁၄

 

မွန်ပြည်နယ်သည် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆) ဘာသာ ဂုဏ် ထူးရှင် (၁၈) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၆၆) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၁၀၂) ဦး၊ (၃) ဘာသာ ဂုဏ်ထူးရှင် (၂၃၅) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၃၄၉) ဦး၊ (၁) ဘာသာ ဂုဏ်ထူးရှင် (၂၀၁၄) ဦး၊ စုစုပေါင်း (၂၇၈၄) ဦး ထူးချွန်စွာ အောင်မြင်ခဲ့ကြပြီး တစ်နိုင်ငံလုံး အနေဖြင့် (၅၇ ဒသမ ၂၁) ရာခိုင်နှုန်းဖြင့် အောင်ချက်အကောင်းဆုံး ပထမဆုရရှိကာ ​၂၀၁၀- ၂၀၁၁ ပညာ သင်နှစ်မှ ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အထိ ​အောင်ချက်အ​ကောင်းဆုံး ပထမဆု (၇) ကြိမ်၊ ဒုတိ ယဆု (၁) ကြိမ်၊ တတိယဆု (၂) ကြိမ်ရရှိခဲ့​ကြောင်း သိရသည်။

 

(၂၀၂၂-၂၀၂၃)ခု ပညာသင်နှစ် မွန်ပြည်နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်မြင့်မားသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို အခြေခံပညာအဆင့်မှစ၍ လေ့ကျင့်ပြုစုပျိုးထောင်ပေးမှသာ တက္ကသိုလ်ဝင်စာမေးပွဲတွင် အခက်အခဲမရှိ ဖြေဆိုနိုင်ကြပြီး အောင်ချက် မြင့်မားလာမည်ဖြစ်​ကြောင်း၊ ဘက်စုံကဏ္ဍစုံမှ ဝိုင်းဝန်းကူညီ ပံ့ပိုး​ပေးရန်လိုအပ်ပြီး အောင်ချက် မြင့်မားရေးအတွက် မြို့နယ်အလိုက် ဆောင်ရွက်မည့် လုပ်ငန်းများ၊ ပံ့ပိုး စီမံ စစ်ဆေးကြီးကြပ်မည့် အစီအစဉ် များကို စီမံချက် စနစ်တကျရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလို​ကြောင်း၊ ဆရာ၊ ဆရာမများ အပါအဝင် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ အနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြ​စေလို​ကြောင်း ​ပြောကြားခဲ့သည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် မော်လမြိုင်တက္ကသိုလ်၊ ပါမောက္ခချုပ် ​ဒေါက်တာ​အောင်မြတ်​ကျော်စိန် က တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး အောင်ချက် မြင့်မားရေးအတွက် စီမံခန့်ခွဲသူများနှင့် ကျောင်းအုပ်ကြီးများ၏ အခန်း ကဏ္ဍ၊တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မြို့နယ်ပညာရေးမှူးများ အခန်းကဏ္ဍ၊ တက္ကသိုလ်ဝင်တန်းနှင့် ပတ်သက်၍ သင်ကြားပို့ ချနေသည့် ဆရာ၊ ဆရာမများ၏ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ဖြေရှင်း ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အရည်အချင်းပြည့်ဝ၍ ဘက်စုံထူးချွန်သည့် ကျောင်းသား ကျောင်းသူများ ဖြစ်လာစေရေး အတွက် လေ့ကျင့် ဆောင်ရွက်ပေးရမည့် နည်းလမ်းများနှင့် ပတ်သက်၍ အစည်းအဝေးတက်ရောက်လာကြ သူများက ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။

 

ဆွေးနွေးပွဲသို့ ပြည်နယ်တရားလွှတ်​တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာ​ရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ တက်​ရောက် ကြကြောင်း သိရသည်။

(သတင်းစဉ်)