မော်လမြိုင် ဇန်နဝါရီ    ၄

မွန်ပြည်နယ်တွင်  လူမှုစီးပွားဘဝ   ဖွံ့ဖြိုးတိုးတက်ရေးနှင့်  အလုပ်အကိုင်  အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးတို့ ရည်ရွယ်ကာ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ  အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရေး အရောင်းစာရေးသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို   ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့်မေယုသံလွင်ကုမ္ပဏီလီမိတက်တို့ပူးပေါင်း၍ယမန်နေ့မွန်းလွဲ ၁နာရီက မော်လမြိုင်မြို့၊  စစ်ကဲကုန်းရပ်၊  ရာမညကုန်သွယ်မှုဗဟိုဌာနတွင်  သင်တန်းဖွင့်ပွဲ ကျင်းပကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးတင်ချယ်ကမြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို  ၂၀၁၈ခုနှစ်တွင် အဖွဲ့ဝင်(၃၇)ဦး ဖြင့် ဖွဲ့စည်းထားကြောင်း၊ လုပ်ငန်းကော်မတီ(၈)ရပ်ဖွဲ့စည်းကာ  မြန်မာနိုင်ငံကလေး  အလုပ်သမားပပျောက်ရေးအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကိုလုပ်ငန်းကော်မတီများအလိုက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ပထမ(၅)နှစ်စီမံချက်(၂၀၁၉-၂၀၂၃)တွင် အရည်အသွေးရှိသည့် လုပ်သားအင်အား ရရှိစေရန် ကလေးသူငယ်လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ပို့ဆောင်၍သင့်တော်ထိရောက်သောအလုပ်အကိုင်ရရှိစေရေးဆောင်ရွက်ပေးကြောင်း၊ သင်တန်းသားများ အနေဖြင့်ပို့ချပေးသည့် ပညာရပ်များကိုအသုံးချပြီး လက်တွေ့နယ်ပယ်တွင် အရည်အချင်းပြည့်ဝသည့် အရောင်းစာရေးဖြစ်စေရေး၊နိုင်ငံတော်မှအားထားရသည့်ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေရေးစသည်ဖြင့် အမှာစကားပြောကြားပေးသည်။

ထို့နောက်  မေယုသံလွင် ကုမ္ပဏီလီမိတက်မှအဖွဲ့ခေါင်းဆောင်က  သင်တန်းဖွင့်လှစ်ပေးခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။  သင်တန်းကို  သင်တန်းသား၊  သင်တန်းသူ (၁၅)ဦးဖြင့် ဇန်နဝါရီ၃ရက်မှ ဖေဖော်ဝါရီ၁၁ရက်နေ့ထိ  သင်တန်းနည်းပြ(၂)ဦးကစာတွေ့/လက်တွေ့ သင်ကြား ပို့ချပေးမည်ဖြစ်သည်။မွန်ပြည်နယ်တွင် လူမှုစီးပွားဘဝအထောက်အကူပြုသင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့်လူငယ်များ ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်ကာ ဝင်ငွေတိုးတက်ရရှိရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်မြင်စေရေး စသည့်ရည်ရွယ်ချက်ကောင်းများဖြင့်  သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)