ချောင်းဆုံ ၁၆ ဩဂုတ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ နိုင်ငံတော်၏ ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် Cash For Work စီမံကိန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

 

ထို့သို့ ကြည့်ရှုစစ်ဆေးရာ မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင်မှ ချောင်းဆုံမြို့နယ်အတွင်း ကျေးရွာ ၁၃ ရွာ၌  စီးမံကိန်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များအား ပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမာမိုကျေးရွာတွင် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်သည် ကမာမိုကျေးရွာမှ Cash For Work ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ ယခုလုပ်ငန်းသည် နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြစ်ပြီး ကျေးလက်နေပြည်သူများ အချိန်တိုအတွင်း ဝင်ငွေရရှိစေမည်ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် ကျေးလက်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ရေး၊ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရေးတို့ကို ကျေးရွာလူထုအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

 

ချောင်းဆုံမြို့နယ်ရှိ ကရင်ဝင်းစိန်၊ ဒရယ်၊ ကမာမို၊ မရမ်း၊ တကူပတီ၊ ခရိုက်ဒူး၊ အပြိုင်၊ ဘိုးနက်၊ ကွင်းကလိန်၊ ကွမ်ရိုက်၊ ကွမ်လှာ၊ တော်ပွန်၊ ဖံဖကျေးရွာ ၁၃ ရွာတွင် Cash For Work စီမံကိန်းအား လုပ်ငန်းခွဲ ၃၇ ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Cash For Work စီမံကိန်းသည် ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ် ကျပ်သိန်း ၁၀၀ ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ရသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

 

Cash for Work စီမံကိန်းအား ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျေးရွာပေါင်း ၂၄၀၀ ကျော်တွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်သားအရေအတွက် ၂ ဒသမ ၇ သန်းခန့်အတွက် လုပ်အားခ စုစုပေါင်း ငွေကျပ် ၁၄၉၂၈ သန်းခန့် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဟန်လင်းနိုင်