မော်လမြိုင်  ၃  နိုဝင်ဘာ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျိုက်မရော-စံပယ်ဂူ-ကော့ပနော လမ်းပေါ်တွင်တည်ရှိသည့် အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတားဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းကကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည်သည့်တော်များ တက်ရောက်ကြသည်။

 

a1

ရှေးဦးစွာ အတ္ထရံမြစ်ကူး(စံပယ်ဂူ) တံတားကြီးပေါ်ရှိ မင်္ဂလာမဏ္ဍပ်တွင် ကျိုက်မရောမြို့နယ် ဇေတဝန်ကျောင်းတိုက် ဆရာတော်နှင့် သံဃာတော် အရှင်သူမြတ်များထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူပြီး ဆရာတော် သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ ပင့်သံဃာတော်များအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများတို့က လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များအား မွန်ပြည်နယ်ဝန်ကြီးချုပ်မှ တံတားတည်ဆောက်ခြင်းနှင့် ပက်သက်၍ ရှင်းလင်းလျှောက်ထားကာ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတို့သည် နံနက် ၉ နာရီ ၁၅ မိနစ်တွင် အတ္ထရံမြစ်ကူး (စံပယ်ဂူ)တံတား ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံသာရည်များဖြင့် ပက်ဖျန်းပြီး တံတားကြီးပေါ် ဖြတ်သန်းကြည့်ရှု၍ တံတားအား ဖွင့်လှစ်ပေးခဲ့သည်။

အတ္ထရံမြစ်ကူး(စံပယ်ဂူ)တံတားသည် ကျိုက်မရောမြို့နယ် ကျိုက်မရော-စံပယ်ဂူ-ကော့ပနော လမ်းပိုင်း ကျိုက်မရောမြို့ အရှေ့ဘက်(၂)မိုင် (၄)ဖာလုံအကွာအဝေးတွင် တည်ရှိ၍ တံတားအမျိုးအစားသည် ပင်မတံတား  သံမဏိသံပေါင် ဂုံးတံတား၊ ချဉ်းကပ်တံတား ကြိုတင်အားဖြည့် သံကူကွန်ကရစ်ယက်မ၊ သံကူကွန်ကရစ်ကိုယ်ထည်ဖြစ်ပြီး တံတားအရှည်သည် ၆၄၄.၁ မီတာ (၂၁၁၃ ပေ ၂ လက်မ)၊ တံတားအကျယ် ၁၀.၅၀ မီတာ (၃၄ ပေ ၆ လက်မ)၊ ရေလမ်းကင်းလွတ်အမြင့် ၁၄.၀၂ မီတာ (၄၆)ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၁၀၉.၇၂ မီတာ(၃၆၀)ပေနှင့် တံတားခံနိုင်ဝန် ၆၀ တန်ရှိရာ တံတား၏စီမံကိန်းတန်းဖိုးမှာ ငွေကျပ်သန်းပေါင်း(၁၈၀၀၀)ရှိကြောင်း သိရသည်။

တံတားနှင့် ဆက်စပ်လျက်ရှိသော ချဉ်းကပ်လမ်းအနေဖြင့် ကျိုက်မရောဘက်ခြမ်းရှိ ချဉ်းကမ်းလမ်း အရှည် ၄ မိုင် ၃၆၉ ပေရှိပြီး ကော့ပနောဘက်ခြမ်း ချဉ်းကပ်လမ်းအရှည် ၂ မိုင် ၁၂၆ ပေ စုစုပေါင်း ချဉ်းကပ်လမ်း အရှည် ၆ မိုင် ၄၉၅ ပေနှင့် ချဉ်းကပ်လမ်းအကျယ် ၂၄ ပေ ကွန်ကရစ်လမ်းအမျိုးအစားဖြစ်ရာ ချဉ်းကပ်လမ်း စီမံကိန်းတန်ဖိုးမှာ စုစုပေါင်း ငွေကျပ် သန်းပေါင်း(၅၀၀၀)ကျော်ရှိသည့်အတွက် တံတားနှင့် ချဉ်းကပ်လမ်းတန်ဖိုး စုစုပေါင်းမှာ ငွေကျပ်သန်းပေါင်း (၂၃၀၀၀)ကျော် ကုန်ကျခံကာ  တံတားအထူးအဖွဲ့ (၁၄)မှ  ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် စတင်တာဝန်ယူ ဆောင်ရွက်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့သည်။

အဆိုပါတံတားမှ မော်လမြိုင်-ကျိုက်မရောမြို့မှတစ်ဆင့် တရနာ-ဘုရားကုန်းလမ်းသို့ ဆက်သွယ်သွားလာနိုင်မည် ဖြစ်သည့်အပြင် မုဒုံ-မြဝတီလမ်းမှတစ်ဆင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့သို့ လည်းကောင်း၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့များသို့လည်းကောင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေးကို အထောက်အကူ ဖြစ်စေမည့်အပြင် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာစေမှာဖြစ်ကြောင်း သိရသည်။

(ပြည်နယ် ပြန်/ဆက်)