မုဒုံ ၃၀ သြဂုတ်

 

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းကျေးရွာများရှိ  ဒေသလိုအပ်ချက်များကို ယမန်နေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြ​သည်။

 

ရှေးဦးစွာ မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ခြင်္သေ့ကျောင်း ဆရာတော်အား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပြီး ကမာအုပ်ကျေးရွာနှင့် ဝဲကလိကျေးရွာတို့တွင် သောက်သုံးရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်ကောင်း၊ ညောင်ကုန်း-ဝက်တဲ-ကျုံဖိုက် ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်နိုင်ရေးနှင့် ဝက်တဲအင်း ပြန်လည်တူးဖော်နိုင်ရေးတို့ကိုလည်ကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ပရံကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းဆောင်သစ် ဆောင်ရွက်ပြီးစီးနေမှုနှင့် အဆိုပါ ကျေးရွာတွင် မီးသတ်စခန်းဆောက်လုပ်ရန် မြေနေရာတို့အား ကြည့်ရှုပြီး ဘလောက်-ညောင်ဝိုင်းကျေးရွာ၊ ကတုံးပေါ်ကျေးရွာသို့သွားသော မော်တော်ကားလမ်းခင်းထားမှုကို တာဝန်ရှိသူများနှင့် လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို လမ်ညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ကော့ပရံကျေးရွာရှိ ရွာဦးကျောင်းဆရာတော်နှင့် ကတုံးပေါ်ကျေးရွာကျောင်း ဆရာတော်တို့အား လှူဝယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။  

 

အောင်မျိုးသူ(ပြန်/ဆက်)