မော်လမြိုင် ဇန်နဝါရီ ၁၃
မွန်ပြည်နယ်အတွင်း ကျန်းမာရေးပြုစုစောင့်ရှောက်မှု တိုးတက်စေရေး၊ အရည်အချင်း စွမ်းဆောင်ရည်ပြည့်ဝသည့် အကူသူနာပြုများစွာ ပေါ်ထွက်လာစေရေး လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးတွင် အကူသူနာပြု သင်တန်းဖွင့်ပွဲကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်၊၊
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများအတွက် ကျန်းမာရေးသည် အဓိကအရေးပါကြောင်း၊ ပြည်သူများအား ပြုစုစောင့်ရှောက်မှုပေးရာတွင် စနစ်တကျ လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်ရေး၊ အခြေခံသူနာပြု လုပ်ဆောင်ရမည့် သင်ရိုးညွှန်းတမ်းဖြင့် အကူသူနာပြုသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စိတ်ပါဝင်စားစွာ ကြိုးစားသင်ယူ၍ နိုင်ငံ့အကျိုး၊ ဒေသအကျိုးကို ထမ်းဆောင်ကြစေလိုကြောင်း၊ ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်စေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ခြင်းကို ဂုဏ်ယူအားပေး ကြိုဆိုလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပုဂ္ဂလိက သူနာပြုသင်တန်းများစွာရှိသော်လည်း ယခုဖွင့်လှစ်ပေးသည့် သင်တန်းသည် အခကြေးငွေမယူဘဲ သူနာပြုစုခြင်းနည်းလမ်းများကို ကျွမ်းကျင်တတ်မြောက်စေရန် လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ နေထိုင်ကြစေရေး လမ်းညွှန်မှာကြားသည်၊၊
အဆိုပါသင်တန်းကို သင်တန်းကာလ ၉ လဖြင့် စနစ်တကျ တတ်မြောက်သည်အထိ လေ့ကျင့်သင်ကြား ပို့ချပေးမည်ဖြစ်ပြီး မွန်ပြည်နယ်အတွင်းမှ သင်တန်းသား ၁၀ ဦး၊ သင်တန်းသူ ၇၅ ဦး စုစုပေါင်း ၈၅ ဦးတို့က တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)


