မော်လမြိုင်   ဇန်နဝါရီ   ၅

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်၊ မောရဝတီပန်းခြံရှေ့၌ မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ အသစ်ရောက်ရှိလာသော မီးငြှိမ်းသတ်ယာဉ် ခုနစ်စီးအား ကြည့်ရှုစစ်ဆေးသည်၊၊ 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက အသစ်ရောက်ရှိလာသော မီးငြှိမ်းသတ်ယာဉ်များကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ပြည်နယ်မီးသတ်ဦးစီးမှူး ဦးစိုးဝင်းက မီးငြှိမ်းသတ်ယာဉ်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်ရှိသော မြို့နယ်များသို့ မီးသတ်ယာဉ်များ အမြန်ဆုံးခွဲဝေဖြည့်တင်းပေးရေး၊ ယာဉ်များ၏ ကြံ့ခိုင်ရေးစွမ်းရည် ပြည့်ဝစွာ အသုံးပြုနိုင်ရေး မှာကြားသည်၊၊ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်သရုပ်ပြ မီးငြှိမ်းသတ်မှုကို ကြည့်ရှုအားပေးသည်၊၊ 

မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံး ငွေရင်းဖြင့် မီးငြှိမ်းသတ်ယာဉ် ၁၁ စီး ဝယ်ယူခဲ့ရာ ပထမအသုတ်အဖြစ် လေးစီး ရောက်ရှိကြောင်း၊ ယခု ခုနစ်စီး ထပ်မံရောက်ရှိကြောင်း၊ ISUZU Foam Tank Fire Truck ယာဉ် တစ်စီး၊  HOWO ရေဂါလန် ၃၂၀၀ ဆံ့ အထောက်ကူပြု ရေသယ်ယာဉ် နှစ်စီး၊ ISUZU ရေဂါလန် ၁၆၀၀ ဆံ့ ရေသယ်ယာဉ် လေးစီးဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)