မော်လမြိုင် ဒီဇင်ဘာ ၂၉

သူနာပြုသားဖွားသင်တန်းကျောင်း (မော်လမြိုင်) နဝမအကြိမ် သူနာပြုနှင့်သားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူ မောင်မယ်များအနေဖြင့် မိမိတို့၏ သူနာပြုစုစောင့်ရှောက်မှု အရည်အသွေးများ တိုးတက်မြင့်မားလာအောင်ကြိုးစားရင်း ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေး ပြည့်ဝစွာပေးနိုင်ရန် အရေးကြီးကြောင်း၊ မည်သည့်ဒေသ၌ တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ တတ်မြောက်ထားသည့်ပညာရပ်များဖြင့် ပြည်သူ့အကျိုးကို အလေးထားဆောင်ရွက်နိုင်သူများ ဖြစ်ကြ စေရန်၊ သူနာပြုသားဖွားများ၏ ကျင့်ဝတ်၊ သိက္ခာ တို့ကို လေးစားလိုက်နာ၍ မေတ္တာ၊ ကရုဏာစိတ် အပြည့်အဝဖြင့် တာဝန်ထမ်းဆောင်ပေးကြရန် တိုက်တွန်းလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မော်လမြိုင်)အတွက် စားသောက်ဖွယ်ရာများပေးအပ်ပြီး သူနာပြုသားဖွား သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်သည်။

ဆက်လက်၍ သူနာပြုနှင့် သားဖွားသင်တန်းသား သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး သူနာပြုသင်တန်းကျောင်းအုပ်ကြီးက သူနာပြုနှင့် သားဖွားဒီပလိုမာသင်တန်းတွင် အောင်မြင်ခဲ့ကြသည့် သင်တန်းသား သင်တန်းသူ ၈၂ ဦးအား အောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)