မော်လမြိုင် အောက်တိုဘာ ၂၅
မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ ဦးသာညှင်းဓမ္မာရုံ နှစ်ထပ်အဆောက်အဦ ယနေ့ နံနက် ၄ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်ရာ နေရာသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိ သူများသည် ယနေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများ အား အပျက်အစီးများ အမြန်ဆုံးဖယ်ရှားရှင်းလင်းပေးကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းတာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် တွေ့ဆုံ၍ ကျောင်းသူ ကျောင်းသား များ စာသင်ကြားမှု မထိခိုက်စေရေးအတွက် စာသင်ကြားနိုင်ရေး စာသင်ခန်းလုံလောက်မှု ရှိ၊ မရှိနှင့် စားပွဲခုံများ လိုအပ်ချက်များရှိပါက ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန် စီစဉ်ဆောင်ရွက်ထား ကြောင်း၊ ကျောင်းသား ကျောင်းသူများ အရှိန်အဟုန်မပျက် ပညာဆက်လက်သင်ကြားရေးအတွက် ကျောင်းဆောင်သစ် အမြန်ဆောက်လုပ်ရေးနှင့် လောလောဆယ်တွင် ယာယီကျောင်းဆောင် ဆောက်လုပ်နိုင်ရေး အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများက လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများက မီးလောင်မှုဖြစ်ပွားခဲ့မှုအပေါ် ကျောင်းဆောင်များ ပြန်လည် တည်ဆောက်နိုင်ရေး၊ ကျောင်းသုံးပရိဘောဂများနှင့် အခြားလိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်နိုင်(မော်လမြိုင်)