မော်လမြိုင်၊ ဩဂုတ် ၂၉

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်-ကျိုက်မရော ကားလမ်းမကြီးပေါ်ရှိ ပြည်နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပေ (၅၀)၊ (၃)ပေ Box Curvet တည်ဆောက်နေမှုနှင့် ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဖောက်လုပ်သည့် မော်လမြိုင်မြို့၊ ပွတ္တလူးကုန်း ရွာအဝင်လမ်း (၀/၆ မိုင်)၊ (၁၂)ပေအကျယ်မှ (၂၄)ပေအကျယ် ကတ္တရာလမ်း တိုးချဲ့အဆင့်မြှင့်တင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းအရှည် (၁/၄ မိုင်) ပွတ္တလူးကုန်းရွာ အဝင်လမ်းအား မော်လမြိုင်မြို့-ကျိုက်မရော လမ်းမကြီးနှင့် ချိတ်ဆက်ဖောက်လုပ်ထားရှိမှု၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၁၈၇ ဒသမ ၉) သန်းဖြင့် မူလလမ်း အကျယ် (၁၂)ပေမှ (၂၄)ပေအကျယ် (၀/၆မိုင်) ကတ္တရာလမ်း တိုးချဲ့အဆင့်မြှင့်တင် ဖောက်လုပ်နေမှုနှင့် အဆိုပါလမ်းဖောက်လုပ်ခြင်းဖြင့် အကျိုးပြုကျေးရွာ အိမ်ထောင်စုများ  အခြေအနေများနှင့် ပတ်သက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လမ်းအရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာတွင် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြစိုက်ကွင်း မိုးစပါး(ပေါ်ဆန်းရင်) မျိုးစေ့ထုတ်ကွက် ဧက(၃၀) စိုက်ပျိုးထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူမှ မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေနှင့် နွေစပါး လျာထားစိုက်ပျိုးမည့် အခြေအနေအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသဝမ်းစာ ဖူလုံမှုရှိစေရေးအတွက် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်၊ မိုးစပါးနှင့် နွေစပါး အပါအဝင် အခြား ဆီနှင့်၊ ဆီထွက်သီးနှံများ၊ ဒေသထွက် သီးနှံများကိုလည်း  ဖူလုံမှုရှိစေရေးအတွက် အလေးထားစိုက်ပျိုးကြရန်၊ သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းစနစ်များကို အသုံးပြုခြင်းဖြင့် အထွက်နှုန်း ပိုမိုတိုးတက်လာစေရေး တောင်သူများအား ပညာပေးဆောင်ရွက်ရန်နှင့် မျိုးစပါးများ၊ ဓါတ်မြေဩဇာများ၊ စိုက်ပျိုးရေးသွင်း အားစုများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သဘာဝမြေဩဇာ အပါအဝင် အခြားလိုအပ်သည့် ဓါတ်မြေဩဇာများကိုလည်း တောင်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက်  စီစဉ်ဆောင်ရွက်ထားပြီး စိုက်ပျိုးသီးနှံများ အထွက်နှုန်းကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက် ပေးကြစေလိုကြောင်းပြောကြားကာ တောင်သူများက လိုအပ်သည်များအား တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ခရိုင် ပြန်/ဆက်)