မန္တလေး ၂၁ မေ


မန္တလေး အိမ်ခြံမြေဈေးကွက်အတွင်း၌ ငွေကျပ်သိန်း ၁၀ဝဝ အောက် မြေကွက်များ အရောင်းအဝယ် ပြန်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။


အရောင်းအဝယ်ပြန်ဖြစ်နေသည့် ပေ(၃၀×၄၀)၊ ပေ(၂၀×၄၀)၊ ပေ(၄၀×၄၀) ငွေကျပ်သိန်း ၁၀ဝဝ အောက် မြေကွက်များကို အဓိက ဝယ်ယူမှုရှိနေပြီး အရောင်းအဝယ်သမားများထက် ကိုယ်တိုင်နေထိုင်ရန် ဝယ်ယူမှုပိုများ နေကြောင်း သိရသည်။


" ပြည်ကြီးတံခွန်မြို့နယ် အရှေ့ခြမ်း၊ ချမ်းမြသာစည်မြို့နယ် အရှေ့ခြမ်း နဲ့ ပုသိမ်ကြီးမြို့နယ်တို့မှာ ငွေကျပ်သိန်း ရာဂဏန်းသာရှိသည့် မြေကွက်တွေကို အမှန်တကယ်နေထိုင်တဲ့ သူတွေက ဝယ်ယူမှုများလာတယ်။ နောက်ပြီး မြရည်နန္ဒာမြို့သစ်အပိုင်း နှင့် လမ်း ၅၀၊ ၅၁လမ်း၊ ၅၂ လမ်းအပိုင်းများရှိ မြေကွက်များ ရောင်းချလိုမှု မြင့်တက် နေတယ် "  ဟု အိမ်ခြံမြေ အကျိုးတော်ဆောင်လုပ်ငန်းမှ ကိုရန်အောင်ကပြောသည် ။


လက်ရှိအိမ်၊ ခြံ၊ မြေဈေးကွက်တွင် ကျပ်သိန်းတစ်ထောင်အောက် မြေကွက်များမှာ အရောင်းအဝယ် အများဆုံးဖြစ်ပြီး ကျပ်သိန်း ၁၀ဝ၀ နှင့် သိန်း ၃၀ဝ၀ ကြားမြေကွက်များသည် ဒုတိယနေရာမှ အရောင်းအဝယ် လိုက်နေကြောင်း သိရသည် ။


မန္တလေးမြို့၌ အိမ်၊ ခြံ၊ မြေ ရာဖြတ်နှုန်းထားများကို လျှော့ချပေးခဲ့ခြင်းကြောင့် အရောင်းအဝယ်ဈေးကွက် ပြန်ကောင်းလာနိုင်ပြီး အစိုးရအနေနှင့်လည်း အခွန်ကောက်ခံရရှိမှု တိုးလာနိုင်စေကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးတော်ဆောင်အချို့က သုံးသပ်နေကြသည်။


သူရိန်လင်း