နေပြည်တော် ဇွန် ၁၇

 

တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် ဒေသများအား ပြန်လည်ထိန်းချုပ်၍ ဒေသဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံသည့်ဒေသများမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများ၊ ဒေသခံပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာများ အဆင်ပြေချောမွေ့စေရေးအတွက်လည်း တပ်မတော်က မော်တော်ယာဉ်များဖြင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့မှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ စက်သုံးဆီများကို တတိယအကြိမ်အဖြစ် ပို့ဆောင်ပေးခဲ့သည့် မော်တော်ယာဉ်များသည် ယနေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါမော်တော်ယာဉ်များသည် မြစ်ကြီးနား မြို့အပါအဝင် လမ်းကြောင်းတစ်လျှောက်ရှိ မြို့/ ရွာများမှ မန္တလေးမြို့၌ ကုန်စည်ကူးသန်းရောင်းဝယ်မည့် ဒေသထွက် ကုန်ပစ္စည်းများ၊ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ သင်တန်းတက်ရောက်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများကို ပြန်လည်တင်ဆောင်၍ မြစ်ကြီးနားမြို့မှ ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့ကြပြီး ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ 

 

နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ စီမံဆောင်ရွက်မှုများဖြင့် မန္တလေး-မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် ဒေသဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများအား အချိန်မီ ပို့ဆောင်ဖြည်းဆည်းပေးလျက်ရှိပြီး အကြမ်းဖက်သမားများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် လမ်း၊ တံတားများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် ခရီးသွားမော်တော် ယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များသည် အဆိုပါလမ်းကြောင်းတစ်လျှောက်၌ ပုံမှန်အတိုင်း ပြန်လည်သွားလာလျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်