၂၁ ဩဂုတ်

 

မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် မိုးများပြီးရေတိုက်စားမှုဒဏ်ကြောင့် ယနေ့နံနက် ၁၀ နာရီခန့်က ဆားမှော်ဘူတာမှ မြစ်ကြီးနားဘူတာ ဘက်အထွက် တံတားအမှတ် BR655 တောင်ပံရေစားပြီး တံတားအုတ်ခုံ နိမ့်သွားခဲ့ကြောင်း သိရသည်။

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလျှံပြီးတံတားများ ‌ရေတိုက်စားမှုဒဏ်ခံနေရမှုနှင့် ပတ်သက်၍ တိုင်း (၁) လက်ထောက်မန်နေဂျာ ဦးကြည်စန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ “တံတားရဲ့ တောင်ပံတွ ရေတိုက်စားသွားတယ် ဆိုတာကို မနက် ၁၀ နာရီမှာ သိရှိရပါတယ်။ ဖြစ်ဖြစ်ချင်းပဲ တိုင်း (၁) DTM, ATM AE နဲ့ DE ဦးထွန်းသိန်း DE ဦးအောင်မော်တို့နဲ့ လမ်းဗိုလ်တွေ အတူရောက်ရှိပါတယ်။ တံတားအုတ်ခုံကြီးက နိမ့်သွားတဲ့အတွက် သံလမ်း‌တွေကိုဖယ်ပြီးအစားထိုးထည့်ရမယ်။ ကရိန်းကို‌တော့ အကူအညီတောင်းထားပါတယ်။ လူအားနဲ့မလုံလောက်ဘူး။ လုပ်တာတော့ လုပ်နေကြပါတယ်။ ဆားမှော် (၁၀၅) တပ်က တပ်မတော်သားတွေနဲ့အတူ ဆားမှော်က ‌မီးသတ်တပ်ဖွဲ့ဝင်တွေလည်း ကူညီပေးနေကြပါတယ်။ လမ်ပိုင်းပွင့်ချိန်ကို‌တော့ ခန့်မှန်းည (၁၂) နာရီလို့ မှန်းထားပါတယ်။ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နေတာပါ။ အခုချိန်ထိလည်း မိုးကမရပ်ဘဲ သည်းနေဆဲပါ။ ရထားတွေကို Transit လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး”ဟု တိုင်း‌(၁) လက်ထောက်မန်နေဂျာ ဦးကြည်စန်းက ပြောသည်။

 

ယနေ့ နံနက်တွင် မြစ်ကြီးနားမှ ထွက်လာသည့် အမှတ်(၅၆) အစုန် အထူးအမြန်ရထားသည် မိုးကောင်းဘူတာတွင် လည်းကောင်း၊ အမှတ်(၄၂) အစုန် ရထားသည် နမ္မတီးဘူတာတွင်လည်းကောင်း၊ အမှတ် (၄၁) အဆန်ရထားသည် ဟိုပင်ဘူတာတွင်လည်းကောင်း ရပ်နားထားကြောင်း သိရသည်။

 

 လူအောင်(ကသာ)