မန္တလေး ၂၈ မေ
မန္တလေးမြို့ မဟာမြတ်မုနိရုပ်ရှင်တော်(ဘုရားကြီး)မှ ငါးကန်နှင့် လိပ်ကန်တို့တွင် ငါးပေါက်ပွားမှုများပြားခြင်းကြောင့် ငါးများပြည့်နှက်နေကာ အသားစား ငါးခူများစွာ ရှိနေသဖြင့် ကန်ဆယ်ယူသန့်ရှင်းရေးကို ငါးလုပ်ငန်း ဦးစီးဌာနနှင့် မဟာမုနိဘုရားကြီးဂေါပကအဖွဲ့တို့ ပူးပေါင်း၍ ယခုရက်ပိုင်းအတွင်း ဆယ်ယူသန့်ရှင်းမည် ဖြစ်ကြောင်းဂေါပက အဖွဲ့မှ ဦးသန်းဝင်းက ပြောသည်။
“လိပ်ကန်နဲ့ ငါးကန်မှာ ဘုရားဖူးတွေ စေတနာနဲ့ လွှတ်ကြတာတွေ များတော့ ကန်တွေမှာ ငါးတွေ ပြည့်ကျပ်နေတယ်။ ဒါကြောင့် သန့်ရှင်းအောင်လုပ်ရမယ်ဆိုပြီး ဆုံးဖြတ်တဲ့အတွက် ငါးလုပ်ငန်းဦးစီးဌာနနဲ့ ဂေါပကအဖွဲ့တို့ ညှိနိုင်းပြီး ယခုရက်ပိုင်းမှာ စတော့မယ်။ အဲဒီကန်တွေထဲမှာ အသားစားငါးခူကြီးတွေက စားချင်တိုင်းစားပြီး ထွားချင်တိုင်း ထွားနေတယ်။”ဟု ၄င်းကပြောသည်။ အသားစားငါးခူများမှာ ဥပဒေအရ အင်းအိုင်မြစ်ချောင်းများတွင် ဥပဒေအရ လွှတ်ချင်တိုင်း လွှတ်မရခြင်း၊ မွေးရမည့် ငါးနှင့် မမွေးသင့်သောငါးဟူ၍ ငါးလုပ်ငန်းဦးစီးဌာနက ခွဲခြားပေးမှာဖြစ်ပြီးကန်အတွင်းမှ အညစ်အကြေး များဆယ်ယူသွားမည်ဖြစ်၍ ရေစုပ်ထုတ်ခြင်းလုပ်ငန်းမှာ ၇ ရက်ခန့်နှင့် လုပ်ငန်းတစ်ခုလုံးမှာ ရက်သတ္တသုံးပတ်ခန့် ကြာမြင့်နိုင်မည်ဟုဆိုသည်။
“ကန်ထဲက ရေတွေလျှော့ရမှာဆိုတော့ ရာသီဥတု ပူတဲ့အချိန်မှာ လုပ်လို့မဖြစ်ဘူး။ ထားသင့်တဲ့ ငါးမျိုးစိတ်ထားမယ်။ ကန်ထဲက အညစ်အကြေးတွေ ဆယ်မယ်။ ခုရောင်းတဲ့ ငါးစာက အသင့်စားငါးစာဆိုတော့ ငါးတွေကြိုက် သလို ကန်လည်း သန့်ရှင်းတယ်။ အရင်က ကျွေးတဲ့ ပေါက်ပေါက်နဲ့ ပေါင်မုန့်က ကန်ထဲမှာ ပေါလောပေါလောနဲ့ ညစ်ပတ်စေတယ်။”ဟု ဂေါပက အတွင်းရေး မှူး ဦးကျော်ကျော်ဦးကပြောသည်။
အဆိုပါငါးကန်နှင့် လိပ်ကန်များဆယ်ယူ သန့်ရှင်းရေးလုပ်ငန်းကို ယခင်က နှစ်ကြိမ်ဆောင်ရွက်ပြီးခဲ့၍ လက်ရှိ ဂေါပကလက်ထက် ပထမဆုံးလုပ်ဆောင်ခြင်းဖြစ်ပြီး မိုးခါးရေကြောင့် ငါးသေဆုံးမှုများရှိခဲ့ကြောင်း၊ ကန်များ သန့်ရှင်းရေးအတွက် နေ့စားဝန်ထမ်းတစ်ဦးက နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် လှေတစ်စင်းဖြင့် နေ့စဉ်အမှိုက် ဆယ်ယူနေကြောင်းလည်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)