မန္တလေး၊ ဇန်နဝါရီ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်(၁/၂၀၂၄)အရ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ ၁၀၅၁ ဉီးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ မန္တလေးဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သည့် အကျဉ်းသား ၈၆၂ ဉီးနှင့် အကျဉ်းသူ ၁၈၉ ဉီး စုစုပေါင်း ၁၀၅၁ ဉီးတို့ကို မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်တို့က ယနေ့နံနက်ပိုင်းတွင် မန္တလေး ဗဟိုအကျဉ်းထောင်၌တွေ့ဆုံ၍ ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသား/ အကျဉ်းသူများကို အကျဉ်းထောင် တာဝန်ရှိသူများက ကျန်းမာရေး စစ်ဆေးပေးခြင်း၊ နေ့တွက်စရိတ်နှင့် ခရီးစရိတ် ပေးအပ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးကာ အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။
ယင်းသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရခြင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး အကျဉ်းဉီးစီးဌာန ညွှန်ကြားရေးမှူး ဉီးချိုဝင်းထွန်း က “ဒီနေ့ကတော့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ထောင်ထဲမှာ ပြစ်ဒဏ်အသီးသီး ကျခံနေရတဲ့ အကျဉ်းသားတွေအနက် ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ကျခံပြီးသူတွေကို လွတ်ငြိမ်းခွင့်ပေးတာဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ထောင်တွေ အလုပ်စခန်းတွေအနက်က ဒီနေ့လွှတ်ပေးရမယ့်သူပေါင်း ၁၆၉၇ ဉီး ရှိပါတယ်။ ဒီလူတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆုံးမစကားတွေမှာကြားပြီး စားစရိတ်၊ ခရီးစရိတ်နဲ့ လုပ်အားခတွေ အပြည့်အဝပေးပြီး သွားလိုတဲ့ ကားဂိတ်တွေ၊ ဘူတာတွေ၊ သင်္ဘောဆိပ်တွေကို ကားတွေနဲ့ ပို့ဆောင် ပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလိုအကျဉ်းသားတွေ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရရှိခဲ့ကြတာကို ဝမ်းသာမိပါတယ်” ဟုပြောသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သူတစ်ဉီးကလည်း “အခုလို လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ လွတ်ငြိမ်းခွင့်ရတဲ့အထဲမှာ ပါဝင်တဲ့အတွက် အလွန်ပျော်ရွှင်မိပါတယ်။ လွတ်ငြိမ်းခွင့်ပေးတဲ့ နိုင်ငံတော် အကြီးအကဲတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ မိသားစုနဲ့ပြန်လည်ဆုံစည်းရမှာ ဖြစ်တဲ့အတွက်လည်း ရင်ခုန်မိနေပါတယ်။ ရှေ့ဆက်ပြီးလည်း အမှားတွေကို သင်ခန်းစာယူပြီး အကောင်းဆုံးကြိုးစားနေထိုင် သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်”ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်(၅)ထောင်နှင့် အလုပ်စခန်း (၇)ခု တို့မှ အကျဉ်းသား ၁၄၀၇ ဉီး၊ အကျဉ်းသူ ၂၉၀ စုစုပေါင်း ၁၆၉၇ ဉီး လွတ်မြောက်လာခဲ့ ကြောင်း သိရှိရသည်။
မောင်အေးချမ်း