နေပြည်တော် ဇန်နဝါရီ ၉
မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးမြို့၊ Pullman Mandalay Mingalar Hotel သဇင်ခန်းမ၌ ဗီဒီယိုကွန့်ဖရင့်စနစ် ဖြင့်ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဘက်အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူးတို့က ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့မှ ဆောင်ရွက်ပေးမှုကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော စက်မှုဇုန်နှင့် စီးပွားရေးလုပ် ငန်းရှင်များက ကုန်သွယ်မှုဆိုင်ရာကိစ္စများ၊ လုပ်ခလစာငွေ ထုတ်ယူရရှိရေးကိစ္စရပ်များ၊ စက်ရုံများအတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများ ဝယ်ယူနိုင်ရန် ငွေသားထုတ်ယူနိုင်ရေးကိစ္စရပ်များ၊ ဘဏ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုအခက်အခဲများ၊ သယ်ယူပို့ဆောင်ရေး ဆိုင်ရာအခက်အခဲများ၊ လတ်တလောရင်ဆိုင်ကြုံတွေ့နေရသော ကိစ္စနှင့်ပတ်သက်၍ သိလို သည်များကို လွတ်လပ်ပွင့်လင်းစွာမေးမြန်းခဲ့မှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေ ကြား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများနှင့်ပတ်သက်၍ အခက်အခဲများဖြစ်ပေါ်ပါက ဗဟို ကော်မတီ တယ်လီ ဖုန်းအမှတ် ၀၆၇ - ၄၀၉၆၇၁ ၊ ၀၆၇ - ၄၀၉၆၇၂ နှင့် လုပ်ငန်းကော်မတီ တယ်လီဖုန်းအမှတ် ၀၉ - ၆၆၄၀၇၅၆၈၃ ၊ ၀၉ -၆၆၄၅၉၆၃၂၇ များသို့ ဆက်သွယ်နိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က နိဂုံးချုပ်စကားပြောကြားသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု များမှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးရှိ လုပ်ငန်းရှင်များ၊ စက်ရုံအလုပ်ရုံများနှင့် ကုမ္ပဏီအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


