မန္တလေး ၁၃ မေ
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဆက်စပ်လုပ်ကိုင်သည့် ငွေပေး၊ ငွေယူကိစ္စများကို အွန်လိုင်းမှ ဆောင်ရွက်နိုင်ရန် Mandalay Smart Pay အစီစဉ်ကို 2C2P ကုမ္ပဏီနှင့် မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ၏ ရတနာပုံဘဏ်တို့ ယနေ့ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
မန္တလေးမြို့တော် စည်ပင်သာယရေးကော်မတီနှင့် ဆက်စပ်လုပ်ကိုင်နေသည့် ရေခွန်၊ ရေခ ပေးသွင်းခြင်း၊ ဈေးဆိုင်အခွန်ပေးဆောင်ခြင်း၊ အမှိုက်သိမ်းဆည်းခပေးဆောင်ခြင်း၊ မြေခွန် စသည့် အခွန်အခများပေး ဆောင်နိုင်ရန် Mandalay Smart Pay ဟု အမည်ပေးထားသည့် Digital Wallet ကို လာမည့် ၃ လမှ ၆ လအတွင်းတွင်အကောင်ထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်သည်။
‘အခုလို ကူညီတဲ့အတွက် ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဝမ်းသာပါတယ်။ အခွန်အခတွေ ကောက်ခံရာမှာ လွယ်ကူလျင်မြန်အောင် Digital Wallet ရှိရင် ပေးရမယ့် ငွေကြေးအတိအကျကို ပေးလို့ရတယ်။ e-Banking နဲ့က ဘယ်အချိန်မဆိုပေးလို့ရတယ်။ ကြားဝန်ထမ်းတွေ အများကြီးလျော့သွားမယ်။ ပြားစွန်း ၊ ကျပ်စွန်း ကိစ္စတွေလည်း အများကြီးလျော့သွားမယ် ၊ အခွန်အခတွေ ကောက်ယူနိုင်မှု ပိုများလာမယ်’ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ရှင်းပြသည်။
Mandalay Smart Pay ဟု အမည်ပေးထားသည့် အက်ပလီကေးရှင်းတစ်ခုကို ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါ အက်ပလီကေးရှင်းဖြင့် အခွန်အခများကို ပေးဆောင်နိုင်မည်ဖြစ်သည်။ ဘဏ်အကောင့်တွင် ငွေကြေး ထည့်ထားပြီး မိမိပေးဆောင်လို့သည့် အခွန် ၊ အခများကို လွယ်ကူလျင်မြန်စွာ ပေးဆောင်နိုင်ရန် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
ယခုဆောင်ရွက်မည့်စနစ်ကို ကမ္ဘာတွင် နာမည်ကြီးနေသည့် အွန်လိုင်းပေးမန့်တွေကို တာဝန်ယူဆောင်ရွက် ပေးနေသည့် 2C2P ကုမ္ပဏီမှ ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။

‘နိုင်ငံခြားကနေ တစ်ချိန်လုံး မြန်မာနိုင်ငံက ဖေ့ဘွတ်ကြည့်တဲ့အခါ မန္တလေးမြို့ပြောင်းလဲမှုဟာ နိုင်ငံတကာမှာ ဂုဏ်ယူရလောက်အောင်ဖြစ်ခဲ့တယ်။ တကယ်ကိုပြောင်းလဲလာခဲ့တယ်။ မန္တလေးမြို့တော်စည်ပင်က လုပ်နေတာ တကယ်ကိုပဲ စေတနာရှိရှိ ကိုယ်ကျိုးအတွက်မပါဘဲ လုပ်ကိုင်နေတယ်ဆိုတာ မြင်ရပါတယ်။ ဒါကြောင့် တစ်တပ် တစ်အားအနေနဲ့ကူညီပေးချင်တယ်။ ဒါကြောင့် အခုလို ကူညီပေးဖို့ဆောင်ရွက်ဖြစ်တာပါ’ဟု 2C2P ကုမ္ပဏီကိုတည်ထောင်သူ ဦးအောင်ကျော်မိုးကပြောသည်။
2C2P ကုမ္ပဏီသည် စင်ကာပူနိုင်ငံတွင် အခြေစိုက်ပြီး အရှေ့တောင်အာရှတွင်း အွန်လိုင်းပေးချေမှုကို ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီဖြစ်သည်။ 2C2P ကုမ္ပဏီကို ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသား စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်သည့် ဦးအောင်ကျော်မိုးက ထိုင်းနိုင်ငံတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကုမ္ပဏီသည် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ ၊ ဘဏ်များ ၊ အွန်လိုင်းကုန်သွယ်မှု ၊ မိုဘိုင်းကုန်သွယ်မှု လုပ်ငန်းများ လက်တွဲလုပ်ကိုင်လျက်ရှိပြီး အမေရိကန်ဒေါ်လာ သိန်းပေါင်းများစွာ တွက်ချက် ဆောင်ရွက်ပေးနေသည်။
Myanmar Payment Union ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ ကမ္ဘောဇလေကြောင်းလိုင်း၊ Nok Air ၊ Air Asia၊ ကမ္ဘောဇဘဏ် ၊ မြန်မာနိုင်ငံသားများဘဏ် ၊ အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ ယူနိုက်တက် အမရဘဏ် ၊ တယ်လီနော၊ အော်ရီဒူး၊ အမ်ပိုက်ဆံ ၊ wave money စသည့် ကုမ္ပဏီများသည် 2C2P ကုမ္ပဏီ၏ ဝန်ဆောင်မှုအသုံးပြုနေသော အဖွဲ့အစည်းများဖြစ်သည်။
Thai Airways ၊ Air Asia ၊ Malaysian Airline၊ Bankok Bank ၊ Siam Commercial Bank စသည့်ဘဏ်များ၏ အွန်လိုင်းမှငွေပေးချေသည့်စနစ်ကို လုံခြုံစိတ်ချစွာ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အိမို့မို့ခိုင်
