မန္တလေး ၂၇ မေ

မန္တလေးဈေးချိုတော်ကို  ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်စေရန် ရှောင်တခင်စစ်ဆေးမှုများ ဇွန်လအတွင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စင်ပင်သာယာရေးကော်မတီထံကသိရသည်။

 

4995

 

မန္တလေးဈေးချိုတော်အပြင် မန္တလေးမြို့ရှိ စည်ပင်ပိုင်ဈေးများကိုလည်း ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းဈေးများမှာ ရတနာပုံ (စ)ဈေး နန်းရှေ့ဈေး  ဆရာစံဈေး၊ ဘုရားကြီးဈေး၊ တံခွန်တိုင်ဈေးတို့ ဖြစ်ကြောင်းသိရသည်။

 

7781

 

" မန္တလေးဈေးချိုတော်ကို ဓာတုဆိုးဆေးကင်းစင်ဈေးအဖြစ် သတ်မှတ်ထားပြီးနောက်ပိုင်း ဆိုးဆေးသုံးတဲ့ဆိုင်တွေရှိမရှိ လိုက်လံစစ်ဆေးသွားမယ်။ 

တကယ်လို့ ဆိုးဆေးတွေ့ရှိတဲ့ ဆိုင်တွေကို ဒဏ်ငွေငါးသောင်း၊ တစ်သိန်း  ဒဏ်ရိုက်မယ် ။ ခံဝန်ထိုးခိုင်းမယ်။ ကတ်ပြားပြန်သိမ်းထားတာတွေ ရှိမယ် " ဟု စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောသည်။

မန္တလေးဈေးချိုတော်တွင်  ခွင့်မပြုဓာတုဆိုးဆေး  စစ်ဆေးတွေ့ရှိသည့် ဆိုင်များကို အရေးယူရာတွင်  ၂၀၁၆ ခုနှစ် တွင်ခံဝန်ကတိ ရေးထိုးခဲ့သည့် ဆိုင် ၁၆၃ ဆိုင်၊  ဒဏ်ငွေဆောင်ရတဲ့ ဆိုင်တစ်ဆိုင်၊ စုစုပေါင်းသိမ်းဆည်း၊ ဖျက်ဆီးတန်ဖိုးကျပ် ၅၅၀,၅၅၀ ရှိခဲ့ပြီး  ၂၀၁၇ ခုနှစ်တွင် ခံဝန်ကတိရေးထိုးခဲ့သည့် ဆိုင် ၈၆ ဆိုင်၊ ဒဏ်ငွေဆောင်ရသည့်  ဆိုင်ရှစ်ဆိုင်၊ စုစုပေါင်း သိမ်းဆည်း၊   ဖျက်ဆီး တန်ဖိုးကျပ် ၁၉၂,၄၄၅ ရှိခဲ့ကြောင်းသိရသည် ။

" ဈေးချိုတော်လို ဓာတုဆိုးဆေးကင်းစင်စေရန်အတွက် မန္တလေးမြို့မှာရှိတဲ့ ဈေးတွေကိုလည်း စစ်ဆေးဖို့ အခုလို လုပ်ဆောင်ခြင်းဖြစ်ပါတယ် ။ ခွင့်မပြုဓာတုဆိုးဆေးတွေ့ရှိပါက စည်ပင်ဥပဒေအရ ဆိုင်ခန်း ယာယီပိတ်သိမ်းခြင်းနဲ့   ဆိုင်ခန်းရောင်းချခွင့်အပြီး ပိတ်သိမ်းအရေးယူခြင်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ် " ဟု ၎င်းကဆက်ပြောသည်။

ထို့ပြင်ဈေးချိုတော်ရှိ ခွင့်မပြု ဓာတုဆိုးဆေးကင်းစင် အသိအမှတ်ပြုကတ်ပြား ပေးအပ်ထားသည့် ဈေးဆိုင်များကို ရှောင်တခင် စစ်ဆေးခဲ့ရာ ဆိုင်ရှစ်ဆိုင်တွင် ရောင်းချနေသည့် ငရုတ်သီးမှုန့်နှင့် ပုစွန်ခြောက်များတွင် ဆိုးဆေးစစ်ဆေးတွေ့ရှိခဲ့သဖြင့် အရေးယူထားကြောင်းသိရသည်။

ဈေးချိုတော်ကို ခွင့်မပြု ဓာတုဆိုးဆေးကင်းစင်သည့် ဈေးဖြစ်ပေါ်လာစေရန်  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန  (မန္တလေးဌာနခွဲ)နှင့် မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းကာ ၂၀၁၆ ခုနှစ်မှ စတင်ကာ စီမံချက်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၈  ခုနှစ် ဇူလိုင်လ ၂၅   ရက်မတွင် ခွင့်မပြုဓာတုဆိုး ဆေးကင်းစင်သည့် ဈေးချိုတော်အဖြစ်ကြေငြာနိုင်ခဲ့သည်။

သူရိန်လင်း