မန္တလေး ၁၂ ဇူလိုင်


မန္တလေးဈေးချိုတော်ရှိ စက်လှေခါး၊ ဓာတ်လှေခါးများ တပ်ဆင်မှု သြဂုတ်လအတွင်း ပြီးမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။


မန္တလေးဈေးချိုတော် အဆင့်မြှင့်တင်ရေးအတွက် စက်လှေခါး ၆ ခု၊ ဓာတ်လှေခါး ၁ ခု တပ်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။


‘မန္တလေးဈေးချိုမှာ စက်လှေခါး ၆ စင်း၊ ဓာတ်လှေခါး ၁ စင်း အသစ်တပ်တယ်။ နိုင်ငံတကာမှာ ကောင်းတယ်လို့နာမည်ကြီးတဲ့ ဆွစ်ဇာလန်နိုင်ငံ အမှတ်တံဆိပ် Schindler စက်လှေခါးနဲ့ ဓာတ်လှေခါးတွေကို တပ်ဆင်နေတာပါ။ အဟောင်းတွေကိုဖြုတ်ပြီး အသစ်တွေတပ်ဖို့ ရောက်နေပြီ။ ဇူလိုင်၊ သြဂုတ်လအတွင်း တပ်ဆင်တာ ပြီးစီးမယ်’ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။


ဈေးချိုတော်ကို အဆင့်မြင့်ဈေးချိုတော်အဖြစ် တည်ဆောက်သည်မှာ ၂၅ နှစ်ပြည့်ပြီဖြစ်တဲ့အတွက် စက်လှေခါး၊ ဓာတ်လှေခါးများ မကြာခဏပျက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းစားရိတ်များခြင်း၊ အသုံးပြုသူများအတွက် အဆင်မပြေမှုများရှိခဲ့ကြောင်း သိရသည်။ ယခုအခါ အရည်အသွေး  ကောင်းမွန်သည့် ဆွစ်ဇာလန်နိုင်ငံထုတ် စက်များဖြင့် တပ်ဆင်မည်ဖြစ်ကြောင်းသိရသည်။


၂၀၁၇- ၂၀၁၈ မှ ၂၀၁၈-၂၀၁၉ အထိ ဈေးချိုတော်ရှိ အဆောက်အအုံ ပြင်ဆင်ထိန်းသိမ်း စရိတ်အတွက် ငွေကျပ် သိန်း ၁၄၀ဝ ကျော် ကုန်ကျခံ သုံးစွဲထားကြောင်း သိရသည်။


အိမို့မို့ခိုင်