မန္တလေး ၂၇ ဇွန်
မန္တလေးဈေးချိုတော်တွင် ဆွစ်ဇာလန်နိုင်ငံထုတ် စက်လှေကား အသစ်သုံးစင်း လာမည့်ဇူလိုင်လတွင် တပ်ဆင်မည်ဖြစ်ကြောင်း ဈေးအကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။
ဈေးချိုတော်တွင် စက်လှေကားနှင့် ဓာတ်လှေကားတချို့မှာ ဟောင်းနွမ်းကာ ပျက်နေသည့်အတွက် ဈေးချိုတော်ကြီး အတွင်းရှိ ဓာတ်လှေကားတစ်စင်း နှင့် စက်လှေကား ခြောက်စင်းတို့ကို ယခုဘဏ္ဍာနှစ်အတွင်း အသစ် တပ်ဆင်ပေးနိုင်ရန်အတွက် ဆွစ်ဇာလန်နိုင်ငံမှ Jardine Schindler ကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုခဲ့သည်။
"လာမည့်ဇူလိုင်လမှာ စက်လှေကား အသစ်သုံးစင်း တပ်ဆင်သွားမယ်။ ပြီးမှ ကျန်တဲ့ စက်လှေကားတွေကို တပ်ဆင်ပေးသွားမှာပါ။ ဈေးချိုတော်မှာကပြုပြင်ဖို့အတွက် အချိန်ယူရမယ် ပြင်စရာတွေကများတယ် အိမ်သာတွေကအစ ပြုပြင်ရမယ် ဟောင်းနွမ်းနေတဲ့ နံရံတွေတွေ ပြုပြင်ရမယ်။" ဟု ဈေးအကျိုးတော် ဆောင်အဖွဲ့ (မန္တလေး)မှ အတွင်းရေးမှူး ဦးမင်းမင်းက ပြောသည်။
ဈေးချိုတော်ကို ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် တစ်နှစ်စာ ဘက်ဂျက်ပေါ် မူတည်ကာ လုပ်ဆောင်သွားမည်ဖြစ်ပြီး သုံးစွဲမည့် ငွေပမာဏကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆုံးဖြတ်ပေးနိုင်မည်ဖြစ်သည်။
မန္တလေးဈေးချိုတော်သည် နှစ်ပေါင်း ၂၅ နှစ်ကျော်ရှိပြီ ဖြစ်သည့်အတွက်ကြောင့် ကြုံခိုင်မှုများ အားနည်းလာမှုတို့ကြောင့် ယခုလို ပြုပြင်ထိန်းသိမ်းရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးဈေးချိုတော်သည် မြန်မာနိုင်ငံ အထက်ပိုင်းမှ ကုန်သည်များ လာရောက်ရောင်းချ ဝယ်ယူလျက်ရှိသော မန္တလေးမြို့၏ အဓိကကျတော့ ဈေးကြီးများတွင် တစ်ခု အပါအဝင် ဖြစ်သည်။
သူရိန်လင်း


