မန္တလေး ဇန်နဝါရီ

၂၀၂၂ ခုနှစ် ပဲရာသီအတွက် မန္တလေးပဲဈေးကွက်အတွင်းသို့ မြေထောက်ပဲများ အဖွင့်ဈေးကောင်းဖြင့် ဝင်ရောက်လာကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

အဖွင့်ဈေးကောင်း ၊ အဆိုပါ မြေထောက်ပဲကို ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်ရှိ ထီးချိုင့်၊ ကသာ၊ ဗန်းမော်၊ ရွှေကူနယ်များနှင့် ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက်ရှိ ကလေး၊ ကလေးဝ၊ ဂန့်ဂေါဒေသများတွင်သာ စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ပြီးခဲ့သည့်နှစ်က မြေထောက်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၀၅၀၀၀ ဈေးနှုန်းဖြင့် အဖွင့်ဈေးစခဲ့သော်လည်း ယခုနှစ်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၄၅၀၀၀ နှုန်းအထိ အဖွင့်ဈေးကောင်းစွာဖြင့် အရောင်းအဝယ်များ သွက်လက်နေကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

မြေထောက်ပဲက ဆောင်းသီးနှံအဖြစ် တစ်နှစ်ကိုတစ်ရာသီပဲ စိုက်ပျိုးလို့ရတယ်။ ဒီသီးနှံဟာ ပူတဲ့ရာသီဥတုကိုလည်း မကြိုက်ဘူး။ မိုးများတဲ့ဒေသတွေလည်း မကြိုက်ဘူး။ ဧရာဝတီမြစ်ဝှမ်းနဲ့ ချင်းတွင်း မြစ်ဝှမ်းဒေသ နုန်းတင်မြေနုနေရာတွေမှာပဲ စိုက်ပျိုးလို့ရတယ်။ နိုင်ငံခြားပို့ကုန်သီးနှံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို အများဆုံးတင်ပို့ရပါတယ်။ အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံက မြေထောက်ပဲကိုဝယ်ယူပြီးတော့ ဆီသွတ်ဘူးတွေ၊ ထုပ်ပိုးတဲ့နည်းစနစ်

တွေနဲ့ အခြားနိုင်ငံတွေကို တင်ပို့ရောင်းချတယ်လို့ သိရတယ်။ နှစ်စဉ် မြေထောက်ပဲကို ဥရောပနိုင်ငံနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ ဝယ်ယူမှုတွေကို တွေ့ရတယ်ဟု ၎င်းက ရှင်းပြသည်။

ယနေ့တွင် မန္တလေးဈေးကွက်အတွင်း၌ အရောင်းအဝယ်ကောင်း မွန်နေသည့် အဓိက ပဲသီးနှံဈေးနှုန်းများ အနေဖြင့် ပဲစင်းငုံသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀၀၊ ပဲတီစိမ်း သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၂၀၀၀၊ မတ်ပဲသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၈၀၀၀၊ ဂျပန်နှမ်းဖြူ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၅၅၀၀၀၊ နှမ်းနက် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၉၅၀၀၀၊ မြေပဲလုံးဆန် ( တစ်ပိဿာလျှင် ငွေကျပ် ၁၉၅ဝ ဈေးနှုန်းတို့ဖြင့် ပေါက်ဈေးရှိနေကြ ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)