မန္တလေး ၂၈ ဇွန်


မန္တလေးခရိုင် အတွင်းတွင်  မီးဘေးအန္တရာယ် ကင်းဝေးစေရန် တစ်အိမ်တက် တစ်အိမ်ဆင်းကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ဗဟိုမီးသတ်ဦးစီးဌာနမှ သိရသည်။


မီးဘေးအန္တရာယ်များ ထပ်မဖြစ်စေရန်အတွက် မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းတွင် မီးဘေးအန္တရာယ် ကာကွယ်ရန်အတွက် လိုက်လံစစ်ဆေးဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်သည်။


"စစ်ဆေးမှုတွေကတော့ နေအိမ်တွေ ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ မီးဖိုမီး၊ လျှပ်စစ်မီး သုံးစွဲမှု စနစ်တကျ ရှိဖို့အတွက် လိုက်လံစစ်ဆေးတယ်။နောက်ပြီး  ပျက်စီး၊ ဟောင်းနွမ်းနေတဲ့ ဝါယာကြိုးတွေ အသစ်လဲလှယ်တပ်ဆင်ဖို့အတွက် သတိပေးတယ်။ မီးသတ်ဆေးဘူးများနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး ကိရိယာများ ထားရှိဖို့အတွက် အသိပညာပေးတယ် ဒီလောက်ပါပဲ" ဟု အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။


မန္တလေးမြို့တွင် ဖြစ်ပေါ်ခဲ့သော မီးလောင်မှုများသည် ပေါ့ဆမီးကြောင့် အများဆုံးလောင်ရတာဖြစ်ပြီး မီးလောင်လျှင်မီးသတ်ရုံးကိုသတင်းပေးနောက်ကျမှုတွေ သတင်းမပေးဘဲ ဘေးလူများဖြင့် ငြှိမ်းစေခဲ့တာကြောင့် တစ်အိမ်ပြီးတစ်အိမ် ကူးစက်လောင်ကျွမ်းစေခဲ့ရသည်ဟု သိရသည်။


"ရာသီဥတုကပူတော့ လျှပ်စစ်ပစ္စည်းတွေ အပူလွန်ကဲပြီး မီးလောင်လွယ်တယ် အဲ့တာတွေ မဖြစ်အောင် သတိပေးနှိုးဆော်တာတွေလုပ်ဆောင်သွားမယ်။ အရင်ကလဲ ဒါမျိုးတွေလုပ်ခဲ့တယ်။ ခုတော့ပိုပြီး အထူးစီမံချက်နဲ့လုပ်ရမှာပါ မီးဘေးကြိုတင်ကာကွယ်ဖို့ အထူးဂရုစိုက်သွားမှာပါ" ဟု ၎င်းက ဆက်ပြောသည်။


မန္တလေးတိုင်းဒေသကြီးတွင် မီးသတ်တပ်ဖွဲ့ဝင် သန္ဓေအရာထမ်း၊ အမှုထမ်း ၁၀၂၇ ဦးနှင့် အရန်တပ်ဖွဲ့ဝင် ၃၆၀၁၁ ဦးရှိပြီး မီးလောင်မှု အပါအဝင် သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားမှုနှင့် မတော်တဆ ထိခိုက်မှုများအတွက် ရှာဖွေကယ် ဆယ်ရေး လုပ်ငန်းများလည်း ပြုလုပ်ဆောင်ရွက်နေကြောင်း သိရသည်။


 သူရိန်လင်း