မန္တလေး ၂၁ သြဂုတ်
မန္တလေးခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်းများ၌ လူနေအဆောက်အအုံများကို ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စာရင်းပြုစုရာ လူနေအိမ် ၁၀ဝ ခန့်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူးရုံးထံမှ သိရသည်။
စာရင်းပြုစုခြင်းလုပ်ငန်းများကို စည်ပင်သာယာရေးကော်မတီ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ မြို့နယ် သံဃနာယက ဆရာတော်များနှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး ဇွန်လ တတိယပတ်အတွင်းက စတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
"အခုလောလောဆယ်တော့ ၁၀ဝ ဝန်းကျင်လောက်ပဲရသေးတယ်။ ခုနောက်ပိုင်း ဆက်မကောက်ဖြစ်သေးဘူး။ ဆက်ကောက်ဖို့တော့ ကျန်နေသေးတယ်။ ဘယ်တော့ရှင်းလင်းမယ်ဆိုတာလည်း ပြောလို့မရသေးဘူး" ဟု မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူး ဦးကျော်လှိုင်က ပြောသည်။
မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ဘုန်းကြီးကျောင်းများအတွင်း တရားမဝင် ဆောက်လုပ်ထားသည့် လူနေအဆောက်အအုံများကို ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှားနိုင်ရေးအတွက် ခရိုင်မြို့နယ်အလိုက် စီမံခန့်ခွဲမှုကော်မတီများက ကွင်းဆင်းစစ်ဆေးကာ ရှင်းလင်းဖယ်ရှားမည့် အစီအစဉ်များကို လုပ်ဆောင်နေကြောင်း သိရသည်။
မန္တလေးခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်းအချို့တွင် ယခင်ကလူနေအဆောက်အုံများတွင် တရားမဝင် သစ်ခိုးထုတ်မှုများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများကို သိုလှောင်ထားမှုများတွေ့ရှိခဲ့ပြီး လောင်းကစားဒိုင်များကိုလည်း ဖမ်းဆီးရမိခဲ့၍ ယခုအခါတွင် ထပ်မဖြစ်စေရေးအတွက် ယခုလို လိုက်လံစစ်ဆေးနေကြောင်း သိရသည်။
သူရိန်လင်း


