မန္တလေး  ၈  ဇူလိုင်

 

မန္တလေးမဟာမုနိဘုရားတွင် နိုင်ငံခြားသားများကို ယခုလတစ်ရက်မှစ၍ ဝင်ကြေး ကောက်ခံရာတွင် တစ်ရက်ပျမ်းမျှ ကျပ် ၂၅ သိန်းခန့်ရရှိကြောင်း ဘုရားဂေါပကအဖွဲ့မှ သိရသည်။

 

ဝင်ကြေးများကို ဂေါပကအဖွဲ့က တာဝန်ယူ ကောက်ခံကာ ဝင်ကြေးအနေဖြင့် နိုင်ငံခြားသားတစ်ဦး လျှင် မြန်မာကျပ်ငွေဖြင့်  ငွေကျပ်၅၀ဝဝ ကောက်ခံပြီး ဒေါ်လာအနေ ဖြင့် ကောက်ခံပါက အမေရိကန် ဒေါ်လာ သုံးဒေါ်လာ ခန့်ကောက်ခံကြောင်းသိရသည်။

 

" ဘုရားကို လာတဲ့ နိုင်ငံခြားသား အနည်းဆုံးတစ်ရက်ကို မရှိဘူးဆိုရင် ၄၀ဝ ၅၀ဝ လောက်ရှိတယ်။ ဒါတောင် မိုးတွင်း ခရီးသွားနည်းတဲ့ကာလဖြစ်နေတော့ အဝင်နည်းသွားတာ ။ အရင်ကဆို တစ်ထောင် လောက်ကိုဝင်တယ်။ " ဟု မဟာ မုနိရုပ်ရှင်တော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည် ။

 

မဟာမုနိရုပ်ရှင်တော်သို့ လာရောက်လည်ပတ်လေ့လာသည့် နိုင်ငံခြားသား ခရီးသွားများကို မဟာမုနိရုပ်ရှင်တော် အရှေ့မုခ်၊ တောင်ဘက်မုခ်၊ မြောက်ဘက်မုခ်တို့တွင် Tour Information Centre များ ဝန်ဆောင်မှု၊ ပံ့ပိုးမှုများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

လက်ရှိတွင် မန္တလေးသို့ လာရောက်လည်ပတ်သော နိုင်ငံခြား သားခရီးသွားတစ်ဦးလျှင် ဇုန်ဝင် ကြေးကျပ်တစ်သောင်းပေးရပြီး မဟာမုနိဘုရားသို့ သွားရောက်ပါက ဝင်ကြေးကျပ်ငါးထောင်နှင့် အခြားသောမန္တလေးတောင်၊ ရွှေ နန်းတော်ကျောင်းတွင်လည်းတစ် ဦးလျှင် ကျပ်နှစ်ထောင်နှုန်းခန့် ကောက်ခံကြောင်း သိရသည်။

 

သူရိန်လင်း