မန္တလေး  ၁၅   ဩဂုတ်

မန္တလေးဧရာဝတီမြစ်ကမ်းတွင် JICA အကူအညီဖြင့် တည်ဆောက်မည့် အဆင့်မြင့် ကွန်တိန်နာဆိပ်ကမ်း နေရာနှင့်ပတ်သက်၍ ယမန်နေ့ နံနက်ပိုင်းက အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် မြေယာလျော်ကြေးငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြေယာလျော်ကြေးငွေများကို လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့အသီးသီးမှ သတ်မှတ်သည့် နှုန်းထားအတိုင်း သက်ဆိုင်သူ(၅)ဦးတို့အား အခမ်းအနားဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

“ကွန်တိန်နာဆိပ်ကမ်းကြီးက မြန်မာတစ်နိုင်ငံလုံးအတွက် အရေးပါတဲ့ ဆိပ်ကမ်းကြီးဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက ကြိုးစားခဲ့တဲ့စီမံကိန်းပါ။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က အတည်ပြုပေးတဲ့အတိုင်း မြေယာလျော်ကြေး ပေးခဲ့တယ်။ မကြာမီ လုပ်ငန်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်တော့မှာပါ” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တညွန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က ပြောသည်။

 

အဆိုပါ ဆိပ်ကမ်းတည်ဆောက်မှုကို ဂျပန်နိုင်ငံ JICA အကူအညီဖြင့် မန္တလေးမြို့ ဧရာဝတီမြစ်ကမ်း ရွှေလှံဗိုလ်ကျောင်းအနီး မြေဧက ၂၀ ဒသမ ၀၂ တွင် တည်ဆောက်မည်ဖြစ်ရာ လုပ်ငန်းအားဖြင့် ၂ ပိုင်းပါဝင်ကြောင်း၊ ပထမပိုင်းတွင် ဆိပ်ကမ်း တည်ဆောက်ရေးပိုင်းနှင့် ဒုတိယပိုင်းမှာ စက်ပစ္စည်း အစိတ်အပိုင်းများ တည်ဆောက်ရေးပိုင်းဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)