မန္တလေး ၁၇ ဇူလိုင်
မန္တလေးမြို့ မန္တလာဒီဂရီကောလိပ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူနေသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် COVID-19 ရောဂါ တွေ့ရှိခဲ့ကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။
“ဇူလိုင် ၁၅ ရက်က SWAB ယူ စစ်ဆေးခဲ့ရာမှာ ရောဂါတွေ့ရှိခဲ့လို့ ကန်တော်နဒီဆေးရုံကို ပို့ဆောင်ထားပါတယ်”ဟု ဒေါစုစုဒွေးက ပြောသည်။
လူနာအမှတ် ၃၃၈ သည် နောင်ချိုမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ဇူလိုင် ၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြဝတီမြို့သို့ ရောက်ရှိခဲ့ကာဇူလိုင် ၁၁ ရက်နေ့တွင် မန္တလေးမြို့ မန္တလာ ဒီဂရီကောလိပ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် နောက်ဆုံးအတည်ပြုလူနာ အမှတ် ၁၃၂ ကို ဧပြီလ နောက်ဆုံးပတ်အတွင်းက တွေ့ရှိခဲ့ပြီး သုံးလခန့်အကြာတွင် လူနာသစ် ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မန္တလေးတိုင်းအတွင်း စုစုပေါင်း အတည်ပြုလူနာ လေးဦးခန့်တွေ့ရှိခဲ့ပြီး သုံးဦးမှာ ရောဂါပျောက်ကင်းပြီဖြစ်ကြောင်း သိရသည်။
ဖြိုးအိ


