မန္တလေး ၁၅ စက်တင်ဘာ

မန္တလေးမြို့ရှိ လေ့လာစရာ အိမ်တွင်းမှုလုပ်ငန်းများထဲတွင် လုပ်ကိုင်သူ ပညာရှင်နည်းပါးသည့်   ဘုရားစိန်ဖူးတော်ပြုလုပ်ခြင်း၊ စိန်ဖူးတော်သွေးခြင်းလုပ်ငန်းလည်း ပါဝင်သည်။

ဘုရားစိန်ဖူးတော်လုပ်ငန်း လုပ်ကိုင်ရာတွင် အဓိကကုန်ကြမ်းမှာ မှန်ဖြစ်ပြီး လက်မှုအနုပညာဖြင့် ပေါင်းစပ်ကာ ကုန်ချောဖြစ်သည်အထိ အဆင့်ဆင့်ပြုလုပ်ကြရသည်။ ပထမဦးစွာ မှန်ကုန်ကြမ်းများကို ထင်းမီးဖြင့်ကြိုချက်ကာ မှန်များပျော့သွားသည့် အချိန်တွင်   ဒေသအခေါ်သံလျက် (မှန်ကိုလှိမ့်ယူရသည့်ကိရိယာ)ဖြင့် လုံးကာ လိုအပ်သည့် အရွယ်အစားအတိုင်း လှိမ့်ယူကြရသည်။

လိုအပ်သည့်ပုံသဏ္ဌာန်အတိုင်း လှိမ့်ယူရရှိသော စိန်ဖူးတော်အကြမ်းများကို ပြာခန်းအတွင်း ထည့်ထားကာ အေးသည်အထိ ထားရှိကြရသည်။ ကုန်ကြမ်းစိန်ဖူး အရိုင်းတုံးရသည့်အခါ စိန်ဖူးတော် သွေးသူများထံ အပ်နှံသွေးယူကြရသည်။ စိန်ဖူးတော်သွေးရာတွင် အရွယ်အစားအလိုက် သံလျက်ပုံစိန်ဖူးတော်၊ ငှက်ပျောဖူးပုံ စိန်ဖူးတော်အဖြစ် စိန်ဖူးအမျိုး အစားနှစ်မျိုးပြု လုပ်ကြရသည်။ ငှက်ပျောဖူးပုံ စိန်ဖူးတော်သွေးရာတွင် လက်ဝင်ပြီး အနုစိတ်ပြုလုပ်ကြရသည်။ ငှက်ပျောဖူးပုံစိန်ဖူးတော်တွင် နနွင်းမကင်းကွက် ထောင့်ချွန်းညီညာစေရန် ပြုလုပ်ကာ (၁၀၈)ကွက်ပြည့်သည်အထိ သွေးယူပေးရသည်။

သံလျက်ပုံ စိန်ဖူးတော်တွင် ထောင့်ချိုးညီစေရန် အဓိကထား ပြုလုပ်လေ့ရှိသည်။ အထူးအော်ဒါမှာအနေဖြင့် သလင်းကျောက်ဖြင့် စိန်ဖူးတော်ပြုလုပ်ပါက မဖြစ်မနေ ၁၀၈ ကွက်ပြည့်စေရန် သွေးပေးကြရသည်။ အများစုသော ဘုရားစိန်ဖူးတော်များကို မှန်ဖြင့်ပြုလုပ်ကြသည်။ စိန်ဖူးတော်သွေးသူများမှာ တစ်နေ့လျှင် စိန်ဖူးတော်ငါးဆယ်ကျော်အထိ ပြီးစီးသည်။ သုံးလက်မအရွယ် စိန်ဖူးတော်တစ်ခုလျှင် ငွေကျပ်ငါးရာရရှိပြီး တစ်နေ့လျှင် ငွေကျပ်နှစ်သောင်းကျော်ရရှိကြောင်း စိန်ဖူးသွေးလုပ်ငန်း လုပ်ကိုင်သူ ကိုစံလင်းထွန်းက ပြောပြသည်။

တိမ်တမန်