မန္တလေး  ၁၀  မေ 

 

မန္တလေးမြို့တွင် အပူချိန်မြင့်တက်လာသည့်အတွက် အပူရှောင်စခန်း ၁၇ ခုကျော် ဖွင့်လှစ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ မန္တလေးမြို့တွင် အခုလ ၉ ရက်က အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်ရှိကြောင်း သိရသည်။

 

"မြို့ပြကြီးတွေမှာ ကိုယ်နေထိုင်တဲ့နေရာ မြို့နယ်အလိုက် နေရတာကျဉ်းကြတယ်၊ လူဦးရေလည်းများတယ်၊ အဓိက သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင်တွေပိုပြီး အပူဒဏ်ပိုခံရတယ်၊ အပူဒဏ်စခန်းလေးတွေမှာ မနက်လာပို့ထား ညနေပြန် လာကြိုကြဖို့ ရည်ရွယ်ချက်လေးတွေနဲ့ အပူဒဏ်ခံနိုင်အောင်ဖွင့်ပေးတာပါ၊ သက်ကြီးရွယ်အိုးတွေများတယ်၊ လာတဲ့အခါမှာလည်း သိပ်ပူတဲ့ နေ့လယ် ၁၂ နာရီနောက်ပိုင်း အများဆုံးလာကြတာ များတာတွေ့ရတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

 

အပူရှောင်စခန်းများတွင် မည်သူမဆို အနားယူနေနိုင်သလို အပူဒဏ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာဖြစ်ပွားပါက ကုသမှုများ အမြန်ဆုံးပြုလုပ်ပေးနိုင်ရေး ကြိုတင်စီစဉ်ထားကြောင်း သိရသည်။

 

ge 5982

 

"ဆေးရုံဆေးခန်းတွေမှာ အပူကြောင့် သတိလစ်တဲ့လူနာတွေ ရောက်လာရင် ကုသမှုပေးနိုင်ဖို့အတွက်ကတော့ ဆေးရုံတွေမှာ လမ်းညွှန်ချက်တွေ ထုတ်ထားပြီးဖြစ်တယ်၊ ဆေးဝါးတွေ ပြည့်စုံထားရှိဖို့ရန် လူနာတွေ ရောက်လာရင် ကုသမှုပေးနိုင်ဖို့အတွက် ရေခဲလိုအပ်ချက်ရှိရင် ကိုယ့်ရဲ့မြို့နယ်တွေမှာ ရေခဲစက်တွေနဲ့ ချိတ်ထားဖို့၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ယူထားပြီး  ကုသမှုပေးနိုင်ဖို့အတွက် ညွှန်ကြားထားပါတယ်'' ဟု  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။  


  
အများပြည်သူနားနေနိုင်ရန် မန္တလေးမြို့ပေါ်တွင် အပူရှောင်စခန်း ၁၇ ခုကျော် ဖွင့်လှစ်ထားပြီး အပူရှောင်စခန်းများအဖြစ် ရပ်ကွက်ဓမ္မာရုံများတွင် နားနေရန် ဆောင်ရွက်ထားသည်။ ရပ်ကွက်ဓမ္မာရုံများတွင် လေအေးပေးစက်များ၊ ပန်ကာများ တပ်ဆင်ပေးထားသည်။ 

 

အပူရှောင်စခန်းများကို မန္တလေးမြို့ပေါ်အပြင် ရမည်းသင်းမြို့နယ်တွင်လည်း ဖွင့်လှစ်ထားပြီး အပူချိန် ဆက်လက်မြင့်တက်ပါက အခြားမြို့နယ်များတွင် အပူရှောင်စခန်းများဖွင့်လှစ်ရန် အကြောင်းထားကြောင်း သိရသည်။

 

မန္တလေးမြို့ပေါ်တွင် ဧပြီလကုန်ပိုင်းမှ စတင်ကာ အပူရှောင်စခန်းများ စတင်ဖွင့်လှစ်ခဲ့ပြီး မေလဆန်းပိုင်းအထိ အောင်မြေသာစံမြို့နယ်တွင် ၃ ခု၊ မဟာအောင်မြေမြို့နယ်တွင် ၃ ခု၊ ချမ်းအေးသာစံမြို့နယ်တွင် ၄ ခု၊ ချမ်းမြသာစည်မြို့နယ်တွင် ၃ ခု၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၄ ခုနှင့် အမရပူရမြို့နယ်တွင် ၃ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

 

အိမို့မို့ခိုင်

 

59971