မန္တလေး ၂၃ ဩဂုတ်
မန္တလေး မြို့ရှိ ဆေးအရောင်းဆိုင်များတွင် နှာခေါင်းစည်း (Mask) နှင့် လက်သန့်ဆေးရည် (Hand Gel)များအား ဩဂုတ်လ ၂၁ ရက်မှစ၍ ဝယ်လိုအားမြှင့်တက်လာခြင်းကြောင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရန် မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ဩဂုတ်လ ၂၂ ရက်နေ့တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း Covid-19 ရောဂါကူးစက်မှုများ ပြည်တွင်း၌ ပြန်လည်ဖြစ်ပေါ်လာသဖြင့် ဈေးကွက်အတွင်း Mask နှင့် Hand Gel များ ဝယ်လိုအား မြင့်တက်လာမှုအပေါ် ဈေးနှုန်း မြှင့်တင်ရောင်းချမှုရှိ၊ မရှိ သိရှိနိုင်စေရန် ယခုကဲ့သို့ မန္တလေးမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးက ပြောသည်။
‘မန္တလေးမြို့ပေါ်မှာ လက်ကားရောင်းချတဲ့ ဆေးဆိုင်တွေကို အဓိကထားပြီး ဒီနေ့ လိုက်လံစစ်ဆေးတာဖြစ်ပါတယ်။ ဒီလိုစစ်ဆေးတဲ့အခါမှာလည်း ဝယ်ယူနေတဲ့ သူတွေကို ဈေးနှုန်းတွေ မေးမြန်းတယ်။ ရောင်းချခဲ့တဲ့ ဘောက်ချာတွေကိုပြန်ပြီး စစ်ဆေးတာတွေ လုပ်ပါတယ်။ စစ်ဆေးချက်အရတော့ လောလောဆယ် ဈေးတင်ရောင်းချတာ မတွေ့ရှိရပါဘူး။ ဒါပေမယ့် ဈေးကွက်အတွင်းမှာ Mask တွေ နဲ့ပတ်သက်ပြီး ဈေးနှုန်းမြှင့်တက်နေတယ်ဆိုတဲ့သတင်းတွေ ကြားနေရပါတယ်။ ဒါတွေကလည်း လက်လီဆိုင်တွေနဲ့ တစ်ဆင့်ပြန်ရောင်းချနေသူတွေက ဈေးတင်ရောင်းချနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအပေါ်မှာ ဆက်လက်ပြီး စစ်ဆေးသွားမှာပါ။ ပြည်သူတွေက သတင်းပေးတာပဲဖြစ်စေ၊ စားသုံးသူက တိုင်ကြားတာပဲဖြစ်စေ ဒါတွေကို ချက်ချင်း ဆောင်ရွက်ပြီး တွေ့ရှိတယ်ဆိုရင် ကျွန်တော်တို့က အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဥပဒေမှာ ပြဌာန်းထားတာကတော့ ထောင်ဒဏ် ၆ လကနေ ၃ နှစ်အတွင်း ဖြစ်စေ ငွေဒဏ်ပဲဖြစ်စေ ကျခံရမှာ ဖြစ်ပါတယ်’ ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မန္တလေးမြို့ရှိ လက်ကားဆေးဆိုင်ကြီးများတွင် သုံးလွှာ Mask သူနာပြုတံဆိပ် ၅၀ ပါတစ်ဗူးလျှင် ငွေကျပ် ၁၉၀၀ နှုန်းဖြင့်လည်းကောင်း၊ Surgical Face Mask ၅၀ ပါ တစ်ဗူးလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ အကောင်းဆုံးမတ်ကို တံဆိပ် ၅၀ ပါ Mask တစ်ဗူးလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့်လည်းကောင်း ပုံမှန်ဈေးနှုန်းများအတိုင်း ရောင်းချပေးနေကြောင်း သိရသည်။
‘လက်ရှိဈေးကွက်မှာ ဈေးအပေါဆုံးဖြစ်တဲ့ Mask တစ်ခုပဲ ပစ္စည်းပြတ်လပ်သွားတာပါ။ Hand Gel ကတော့ ဈေးနှုန်း လှုပ်ရှားမှု မရှိပါဘူး။ ကျွန်တော်တို့က ဝယ်ဈေးအပေါ်မှာပဲ ၁၀၀ ကျပ်ဝယ်ရရင် ၁၂၀ ကျပ်နှုန်းနဲ့ ပြန်ရောင်းပြီး ၁၅၀ ကျပ်နဲ့ ဝယ်ရရင် ၁၈၀ ကျပ်နှုန်းနဲ့ပဲ ရာခိုင်နှုန်းနဲ့တွက်ချက်ပြီး ပြန်ရောင်းချပေးတာပါ။ အခုလို လာရောက်စစ်ဆေးတဲ့ အပါ်မှာလည်း သဘောကျပါတယ်။ ဒါမှ ကျွန်တော်တို့ကလည်း အချို့ကိစ္စလေးတွေကို ပြောပြလို့ ရမှာဖြစ်ပါတယ်’ ဟု ISO ဆေးမျိုးစုံ ရောင်းဝယ်ရေးမှ ဦးဝင်းမောင်ဌေးက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Covid-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့်စားသုံးကုန် ပစ္စည်းများကို အရေးကြီးကုန်စည် ၃ မျိုးအဖြစ် ပြီးခဲ့သည့် မတ်လအတွင်းက စ၍ ကြေညာခဲ့ရာ အဆိုပါပစ္စည်းများအား ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားခြင်းများ ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ၃ နှစ်အထိ ချမှတ်သွားမည့်အပြင် ငွေကျပ် ၅ သိန်းထက်မပိုသော ဒဏ်ငွေလည်း ချမှတ်သွားမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် လုပ်ဆောင်ပေးနေကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


