မန္တလေး ၁၀ ဇူလိုင် 


မန္တလေးမြို့သို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားများကို ခရီးသွားလာရေးနှင့် ပတ်သက်ပြီး ကောင်းမွန်သည့် စနစ်တစ်ခု ရှိလာစေရန်အတွက်  စောင့်ကြည့်လေ့လာနေကြောင်း ခရီးသွားလုပ်ငန်းရှင်များ အသင်း (မန္တလေးဇုံ) ထံမှ သိရသည်။

 

1

 


စောင့်ကြည့်လေ့လာရန်အတွက် ဇွန်လ တတိယပတ်တွင် မန္တလေးတိုင်းဒေသကြီးတရုတ်ခရီးသည်များကို စောင့်ကြည့်လေ့လာသုံးသပ်တင်ပြရေး အဖွဲ့ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 

1


"တရုတ်ခရီးသွားများ မြန်မာနိုင်ငံအတွင်းကို အုပ်စုလိုက် ဝင်ရောက်လည်ပတ်တာများတယ်။ အဲ့တော့ သက်ဆိုင်ရာကုမ္ပဏီတွေကနေ စနစ်တကျ ခရီးစဉ် ဆောင်ရွက်ပေးခြင်း ရှိ၊ မရှိ စိစစ်တယ်။ ခရီးသွားလုပ်ငန်းများရဲ့ အချက်အလက်တွေကို ကောက်ယူတယ်။ အဲ့တာတွေသိမှလည်း ကိုယ်တွေကဘာတွေ ပြင်ဆင်ရမလဲ ဘယ်လိုစနစ်တွေနဲ့ သွားကြမလဲဆိုတာတွေ သိနိုင်မှာ။" ဟု ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုံ) ဥက္ကဋ္ဌ ဦးမျိုးရီက ပြောသည်။

 

1

 


ထို့ပြင် လုပ်ငန်းဆောင်ရွက်မှုနဲ့ ငွေကြေးသုံးစွဲမှုများကို စိစစ်သုံးသပ်ခြင်းနှင့် Chinese Tour များက နိုင်ငံတော်နှင့် လုပ်ငန်းရှင်များအတွက် အကျိုးအမြတ် ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးအတွက် မည်သို့စီမံခန့်ခွဲရမည်ကို လေ့လာသုံးသပ်ရန်ဖြစ်ကြောင်း သိရသည်။


အဆိုပါလေ့လာမှုကို ဇွန်လ နောက်ဆုံးပတ်မှစ၍ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှစတင်ပြုလုပ်နေပြီး တရုတ်ခရီးသွားများကို ကြိုသည့် ကုမ္ပဏီ၊ ကုမ္ပဏီလိုင်စင် ရှိမရှိ၊ လာရောက်သည့်မြို့၊ လူဦးရေ၊ လေကြောင်းလိုင်း၊ သုံးစွဲမည့် ငွေကြေးပမာဏများ၊ ငွေပေးချေမှုစနစ်များကို လေ့လာသုံးသပ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။


မန္တလေးသို့ တရုတ်ခရီးသွား ဝင်ရောက်မှုမှာ သိသာစွာ တိုးတက်လာနေပြီး ကာလတူနှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ်၊ မေလအထိ တရုတ်ခရီးသွား ၁၁၂,ဝ၀ဝ ကျော်ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် မေလအထိမူ တရုတ်ခရီးသွား ၂၆၆,ဝ၀ဝ ကျော်ဝင်ရောက်ခဲ့ရာ ပြီးခဲ့သည့်နှစ်ထက် ကာလတူနှိုင်းယှဉ်ပါက ၁၃၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။ 


သူရိန်လင်း