မန္တလေး ၂၆ ဩဂုတ်

 

မန္တလေး စည်ပင်သာယာနယ်နိမိတ်အတွင်း အသားဆိုင်များဖွင့်လှစ်ရောင်းချခွင့်အတွက် လေလံရောင်းချခြင်းကို အခုလ ၂၅ ရက်က ပြုလုပ်ခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ဈေးဆိုင်များမှ ဝက်သားဆိုင် ၅၂ ဆိုင်ကို အခုလ ၂၅ ရက်က လေလံစနစ်ဖြင့် ရောင်းချခဲ့ရာ အခွန်ငွေကျပ်  ၁၄၉၆၈၆၀၀၀ ရရှိခဲ့ကြောင်း သိရသည်။

 

"အသားရောင်းချခွင့်လေလံကြမ်းခင်းဈေးသတ်မှတ်ရာမှာ အသားဈေးမမြင့်တက်စေရေးအတွက်နဲ့ ကိုဗစ်ကာလအတွင်း လုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲ မရှိစေရေးအတွက် ကြမ်းခင်းဈေးကို လျော့ချ သတ်မှတ်ရောင်းချပေးခဲ့ပါတယ်"ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

ဈေးချိုတော်၊ ရတနာပုံဈေး၊ မန်းသီရိဈေး၊ မင်္ဂလာဈေး၊ ပြည်ကျော်ဈေး၊ မန်းမြို့ဈေး၊ မန်းရတနာဈေး၊ ဘုရားကြီးဈေး၊ မြို့ဟောင်းဈေး၊ ညောင်ပင်ဈေး၊ ဆရာစံဈေးရှိ ဈေးဆိုင်များအား ဝက်သားရောင်းချခွင့် လေလံရောင်းချခဲ့ခြင်းဖြစ်သည်။

 

ကျန်ရှိသည့် ဝက်သားဆိုင်၊ ဆိတ်သားဆိုင်၊ အမဲသားဆိုင်များ ဖွင့်လှစ်ရောင်းချခွင့်ကို လေလံစနစ်ဖြင့် ဩဂုတ်လ ၂၆ ရက်မှ ၂၈ ရက်အထိ ဆက်လက်ရောင်းချနေရာ ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

 

မေသက်ထား