မန္တလေး ၉ မေ
မန္တလေးမြိုတော် စည်ပင်သာယာရေးကော်မတီတွင် ဝန်ထမ်းအဖြစ် အလုပ်အကိုင်ရရှိမည်ဟုဆိုကာ နယ်များ၌ ငွေကြေးလိမ်လည် တောင်းခံသည့် ၇ ဦးကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
အလုပ်အကိုင်ရရှိမည်ဟု လိမ်လည်ခဲ့သည့် နယ်များမှာ မိတ္ထီလာ၊ မြင်းခြံ၊ တောင်သာ၊ ညောင်ဦးတို့ဖြစ်ကာ ယင်းဒေသများ၌ ငွေကြေး လိမ်လည်ရယူသူများအနက် စည်ပင်သာယာမှ စာရေးအဆင့် ဝန်ထမ်း ၂ ဦး ပါဝင်ကြောင်း သိရသည်။
" အခုတော့ အဲ့လူတွေကိုစစ်ဆေးနေဆဲပါ။ ပေါ်ပေါက်ခဲ့ရရင်တော့ စည်ပင်သာယာက ဝန်ထမ်းနှစ်ဦးကိုတော့ အလုပ်ကထုတ်ပယ်မယ့်အပြင် တည်ဆဲဥပဒေအရ အရေးယူသွားမှာပါ " ဟု စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။
အဆိုပါ လိမ်လည်သူများကို သိရှိရခြင်းမှာ ဝန်ထမ်းအဖြစ် ရွေးချယ်ခံရသူများနှင့် တွေ့ဆုံပွဲ၌ ငွေကြေးဖြင့် ရွေးချယ်ခံရခြင်း မဟုတ်ကြောင်းနှင့် ရွေးချယ်မှု ပုံစံကို ပွင့်လင်းစွာရှင်းပြသည့်အခါမှ ရွေးချယ်ခံရသူများက စည်ပင်တွင် အလုပ်ရရန် ပွဲစားများကို ငွေကြေး တစ်စုံတရာ ပေးခဲ့ရကြောင်း ဖွင့်ဟတိုင်ကြားခဲ့ရာမှ သိရှိပြီး စုံစမ်းစစ်ဆေးခြင်းများ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
စည်ပင်၌ အလုပ်ရမည်ဟု ပြောဆို၍ ငွေကြေးလိမ်လည်တောင်းခံမှုများရှိခဲ့လျင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ သတင်းပေးပို့ တိုင်ကြားနိုင်ပြီး နယ်ဒေသများဖြစ်ခဲ့လျင် သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီမှ သိရသည်။
သူရိန်လင်း