မန္တလေး ၂၀ ဇူလိုင်
ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ အာဆီယံအစားအစာပွဲတော် ၂၀၁၉ (ASEAN Food Festival 2019) ကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကျုံးတောင်ဘက် လမ်း၇၀၊ ၂၆လမ်းနှင့် ၂၇လမ်းကြား၌ သြဂုတ်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့၊ Ayarwaddy River View Hotel တွင် ဇူလိုင် ၁၈ ရက်က ကျင်းပပြုလုပ်သည့် အဆိုပါပွဲတော်ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ASEAN Food Festival 2019 တွင် စင်ကာပူ၊ ဖိလစ်ပိုင်၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံတို့မှ ပြခန်းပေါင်း(၁၀ဝ)ကျော်ဖြင့် ဒေသထွက်အစားအစာများ၊ အာဆီယံ အစားအစာများနှင့်ဒေသအလိုက် ရိုးရာအစားအစာ အမျိုးအစားစုံလင်စွာ တည်ခင်းပြသမှုများနှင့် ဒေါင်းလန်းကြီးဖြင့် တပျော်တပါး စားသောက်နေသည့် သရုပ်ဖော်ပြသမှုများ၊ ခေတ်အလိုက် တဖြည်းဖြည်း ပြောင်းလဲလာပုံ၊ အာဆီယံနိုင်ငံများမှ အစားအစာချက်ပြုတ်နေမှုနှင့် ပြည်တွင်းအစားအစာ ချက်ပြုတ်နေမှု စသည့်သရုပ်ဖော်ပြသမှု အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပြီးကြောင်း သိရသည်။
အဆိုပါပွဲတော်ကို အာဆီယံအစားအစာများနှင့် မြန်မာ့ရိုးရာအစားအစာများကို နိုင်ငံတကာဧည့်သည်များ ပိုမိုသိရှိပြီး နိုင်ငံတကာသို့ ပျံ့နှံ့စေရန်နှင့် ဆက်လက်ထိန်းသိမ်းနိုင်စေရန်၊ အာဆီယံအစားအစာများကို မြန်မာလူမျိုးများနှင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ပြည်ပခရီးသွားဧည့်သည်များ လေ့လာခံစားနိုင်စေရန်နှင့် Green Season ကာလအတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှု တစ်ရပ်အနေဖြင့် ရည်ရွယ်၍ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


