မန္တလေး ၁၅ မေ


မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ နေ့အပူရှိန် မြင့်မားမှုကြောင့် သေဆုံးသူ ၅ ဦးနှင့် သတိလစ်မေ့မြောသည့် လူနာ ၄၀ ကျော်ရှိကြောင်း မန္တလေးဆေးရုံကြီးမှ ဆေးလူမှုဆက်ဆံရေးဌာနထံမှ သိရသည်။


မန္တလေးမြို့၏ နေ့အပူချိန်သည် ဧပြီလအတွင်းမှ စတင်ကာ မြင့်တက်လာခဲ့ပြီး မေလအတွင်းတွင် နေ့အပူချိန်သည် ၄၀ ဒီဂရီစင်တီရိတ်ကျော်တွင်သာ ရှိနေခဲ့ပြီး မေလ ၁၃ ရက်နေ့က နေ့အပူချိန်သည် ၄၄ ဒီဂရီစင်တီဂရိတ်ထိ ရှိခဲ့သည်။


"အဓိက ကတော့ Heat Storke လူနာတွေအတွက်ကို ဝန်ထမ်းအင်အား ၁၀ဝ ကျော်နဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတယ်။ ရောက်လာတဲ့လူနာတွေ အတွက်ကိုလဲ လေကောင်းလေသန့်ရအောင် နေရာသီးသန့် ထားထားပေးတယ်။ Heat Storke မဖြစ်အောင် အေးတဲ့နေမှာတွေနေသင့်တယ် နောက်ပြီး ရေချိုးတာတို့ ရေခဲရေ သောက်သုံးတာတို့ကို မလုပ်သင့်ဘူး" ဟု ဆေးလူမှုဆက်ဆံရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်က ပြောသည်။


မြန်မာနိုင်ငံတွင် အယ်နီညိုရာသီဥတု ဖြစ်ပေါ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် နေ့အပူချိန် လွန်ကဲမှုများ ဖြစ်ပေါ်ခဲ့ကာ အပူဒဏ်ကြောင့် လူဦးရေ ရာချီသေဆုံးခဲ့ပြီး ယင်းနှစ်တွင် မန္တလေးမြို့၌ အမြင့်ဆုံး နေ့အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ် ထိ ရောက်ရှိခဲ့သည်။


ထို့ပြင် မန္တလေးတိုင်းဒေသကြီး အတွင်း၌ လာမည့် မေ ၁၀ ရက်မှ ၂၀ ရက်အတွင်း  ပုံမှန်အပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့်အထက် ပို၍ပူနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။


ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နွေဥတုကာလတွင် မြန်မာနိုင်ငံ၌ အယ်နီညိုရာသီဥတုခံစားခဲ့ရသည့် နှစ်တစ်နှစ်ဖြစ်ပြီး နွေဥတုကာလတွင် နေ့အပူချိန် မြင့်တက်မှုများ၊ စံချိန်တင်အမြင့်ဆုံး နေ့အပူချိန်များဖြစ်ပေါ်ခဲ့ပြီး နွေဥတု ကာလအတွင်း အမြင့်ဆုံး နေ့အပူချိန် စံချိန်ကျိုးခဲ့သည့် အကြိမ်ရေ ၅၆ ကြိမ်ထိ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။


သူရိန်လင်း