မန္တလေး  ၃၀    မေ

ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးကွန်ဗင်းရှင်း စင်တာတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ Read 2 Read (Myanmar) အဖွဲ့၏ ဒါရိုက်တာ ဦးမျိုးအောင်နှင့် Big Bad Wolf Books ၏ Group Head of Marketing  ဖြစ်သူ Mr. Dipak Madhavan တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကားပြောကြားသည်။

 

mdn

 

၎င်းနောက် ကမ္ဘာ့အကြီးဆုံး စာအုပ်ဈေးရောင်းပွဲတော်ကို စီစဉ်ကျင်းပသည့် Read 2 Read (Myanmar ) အဖွဲ့၏ Director ဦးမျိုးအောင်က ဈေးရောင်းပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာအုပ်ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှုသည်။

 

mdn

 

အဆိုပါ ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးရောင်းပွဲတော်ကို မေလ ၃၁ ရက် မှ ဇွန်လ ၁၀ နေ့ထိ (၁၁)ရက်တိုင်တိုင် နေ့စဉ် ၂၄ နာရီ ပတ်လုံးဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး အသစ်စက်စက်အင်္ဂလိပ်စာအုပ်များကို မူရင်းဈေး၏ ၅၀ ရာခိုင်နှုန်း မှ ၉၀ ရာခိုင်နှုန်းအထိ အထူးလျော့ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကာ မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

ဒီစာအုပ်ဈေးရောင်းပွဲတော် ကျင်းပရတဲ့ရည်ရွယ်ချက်က ကမ္ဘာ့တစ်ဝှမ်း လူတွေရဲ့အသိပညာဗဟုသုတနဲ့ စွမ်းဆောင်ရည်ကို လှုံဆော်နိုင်စေဖို့ ပေါင်းကူးတံတားတစ်ခု ဖန်တီးပေးတာပါ၊ ကမ္ဘာ့ကြီးကို ပြောင်းလဲနိုင်စေမယ့် အဓိက နည်းလမ်းတွေထဲက တစ်ခုက စာအုပ်တွေက တစ်ဆင့် ရနိုင်မှာဖြစ်ပါတယ် ဟု Mr. Dipak Madhavan ပြောကြားသည်။

ကမ္ဘာ့အကြီးဆုံး စာအုပ်ဈေးရောင်းပွဲတော်တွင် ဂန္တဝင်ဝတ္ထုများ၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများ၊အချစ်ဝတ္ထု၊ သုတ/ ရသစာပေများ၊ ဟာသသရုပ်ပြစာအုပ်များ၊ စီးပွားရေး၊စိုက်ပျိုးရေး၊ကျန်းမာရေး၊ချတ်ပြုတ်ခြင်းဆိုင်ရာ စာအုပ်များအပြင် ကလေးသူငယ်များအကျိုးရှိမည့် ပုံပြင်စာအုပ်များ၊ဆေးရောင်ခြယ်စာအုပ်များ၊ လေ့ကျင့်ရေးစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ သင်ကြားမှုအထောက်အကူပြုစာအုပ်များအစရှိသော စာအုပ်ပေါင်း တစ်သန်းကျော် ခင်းကျင်းပြသရောင်းချလျက်ရှိ ကြောင်း၊ Read 2 Read (Myanmar ) အဖွဲ့၏ ဒါရိုက်တာ ဦးမျိုးအောင်က ပြောကြားသည်။

သန်းဇော်မင်း(ပြန်/ဆက်)