မန္တလေး ၂၆ ဇူလိုင်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးဦးစီးဌာနမှ ဦးဆောင်၍ ကြံစိုက်ပျိုးထုတ်လုပ်မှုနှင့် သကြားထုတ်လုပ်မှုကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ “ကြံ သကြားဈေးကွက် စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့’’ ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၅ နံနက် ၉ နာရီခွဲက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက "သကြားဈေးကွက်အခြေအနေများ" စာတမ်းအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး သကြားနှင့်သကာရည်ကုန်စည်ဒိုင်အသင်း ဥက္ကဋ္ဌ ဦးခင်မောင်အေးက "သကြားနှင့် သကာရည်ဈေးနှုန်း ဈေးကွက်အခြေအနေများနှင့် မြန်မာ့သကြားစက်မှုလုပ်ငန်းတွင် လက်ရှိဖြစ်ပေါ်နေသည့်အခက်အခဲများ" စာတမ်းအားလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ရီရီမွန်နှင့် အဆိုပါဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာစိုးတို့က "အဆင့်မြင့် နည်းပညာများအသုံးပြု၍ ကြံသီးနှံ အထွက်တိုးစေရေးနှင့် ကြံစိုက်တောင်သူများ၏ ဘဝ ရေရှည်တည်တံ့ ခိုင်မြဲရေး"စာတမ်းအား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ကြံစိုက်ပျိုးထုတ်လုပ်သူများအသင်း (ထီးချိုင့်ဇုန်) ဥက္ကဋ္ဌ ဦးအေးမောင် က "ကြံစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးနှုန်း ဈေးကွက်အခြေအနေများနှင့် ကြံသကြားဈေးကွက် စဉ်ဆက်မပြတ် တိုးတက်ရန်"စာတမ်းအားလည်းကောင်း၊ ဦးငွေစိုး က "ကုန်သွယ်ရေး ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ"စာတမ်းအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ နဝဒေးသကြားစက်ရုံမှ ဒေါ်နီနီအေး က ကြံသကြားဈေးကွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့" စာတမ်းအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ ရွှေပြည်မြေသကြားစက်ရုံမှ ဦးဂျော်နီ က "မြန်မာနိုင်ငံရှိ ကြံတောင်သူများ အဆင့်မြင့်ပြီး အထွက်တိုးသော ကြံစိုက်ပျိုးနည်း" စာတမ်းအားလည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ငွေရည်ပုလဲသကြားကုမ္ပဏီမှ အလုပ်အမှုဆောင်ဒါရိုက်တာ ဦးစိန်မျိုးအောင် က "ကြံသကြား လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေ၊ အဆိုပါအခြေအနေပေါ်တွင် ဆက်လက် ဆောင်ရွက်မည့် အစီအမံများ၊ တန်ဖိုးမြင့်ထုတ်ကုန်များ ဆောင်ရွက်မည့်အစီအစဉ်နှင့် အကြံပြုတင်ပြချက်များ" စာတမ်းအားလည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ နယ်စပ်သကြားနှင့် ကြံထွက်ပစ္စည်း ကုန်သွယ်သူများအသင်းမှ ဒေါ်စုစုလှိုင် က "လက်ရှိဖြစ်ပေါ်နေသည့် ကြံသကြားဈေးနှုန်း ဈေးကွက်အခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ သကြားတင်ပို့မှုနှင့်ပတ်သက်သည့် တင်ပြချက်များ"စာတမ်းအားလည်းကောင်း၊ Good Brothers Co.,Ltd.မှ ဦးအောင်မြင့်အေး က "ကြံစိုက်တောင်သူများအတွက် ပံ့ပိုးဝန်ဆောင်မှု ပေးနိုင်မည့် အစီအစဉ်များ" စာတမ်းအားလည်းကောင်း အသီးသီး ဖတ်ကြားတင်ပြသည်။၄င်းနောက် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးသည်။
ဆက်လက်ပြီး "ကြံစိုက်ဖို့တောင်သူများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး" ၊ "သကြားဈေးနှုန်း တည်ငြိမ်ရေး နှင့် ဈေးကွက်ဖော်ဆောင်ရေး"၊ "သကြားတင်ပို့/တင်သွင်းမှုများ ထိန်းညှိဖော်ဆောင်ရေး"ခေါင်းစဉ်များဖြင့် အုပ်စုအလိုက် ဆွေးနွေးခဲ့ပြီး ဆွေးနွေးရရှိချက်များကို အုပ်စုအလိုက်ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသူများနှင့် တာဝန်ရှိသူများက သိရှိလိုသည်များမေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းက နိဂုံးချုပ်စကားပြောကြားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်း သကြားလက်ကျန်များပြားနေခြင်းကြောင့် လက်ရှိ လက်ကျန် သကြားများကို မည်သို့ ဈေးကွက်ထိ်ုးဖောက်ပြီး လာမည့်ကြံရာသီတွင် ထပ်တိုးထွက်ရှိလာမည့် သကြားပမာဏ အပေါ် မည်ကဲ့သို့ ဆောင်ရွက်ကြမည်ကို ဖော်ထုတ်ဆွေးနွေးရန်၊ စိုက်ပျိုးသည့်အပိုင်း၊ သကြားထုတ်လုပ်သည့် အပိုင်း၊ ဈေးကွက်ရှာဖွေရေးအပိုင်းစသည့် ကြံသကြားနှင့် ပတ်သက်သော မူဝါဒများ ချမှတ်နိုင်ရေး၊ ကြံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်ချမှု လုပ်ငန်းစဉ် ကွင်းဆက်တစ်ခုလုံးအား ခြုံငုံမိစေမည့် အသင်းတစ်သင်း ပေါ်ပေါက်လာစေရေး ဆွေးနွေးဖော်ထုတ်သွားရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


