မန္တလေး ၁ ဇွန်
မန္တလေးမြို့တွင် လက်နက်ကိုင်ဆောင်ကာ ရမ်းကားသူများမှ ပြန်လည်ခုထံခြင်ပြုလုပ်လျှင် သေနတ်ဖြင့် ပစ်ဖမ်းဖို့ အမိန့်ပေးထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က ပြောသည်။
မန္တလေးမြို့တွင် လုယက်မှုများ ဓားကိုင်ဆောင်ကာ ရမ်းကားသူများ ဓားခုတ်မှု ၊ ခိုက်ရန်ဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပွားနေမှုတို့ကြောင့် မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ပုံစံအသစ်ဖြင့် မှုခင်းမဖြစ်ပွားအောင် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။
"ညပိုင်း လုံခြုံရေးယူမယ့် ရဲတပ်ဖွဲ့ဝင်တွေကို သေနတ်တွေထုတ်ပေးထားတယ်။ နောက်ပြီး ရဲတပ်ဖွဲ့တွေအပြင်ကိုသွားရင် ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်နဲ့ သွားဖို့ပြောထားတယ်။ ပစ်ဖမ်းဖို့အတွက် တိုင်းအစိုးရအဖွဲ့နဲ့ ဝန်ကြီးချုပ်တို့ကိုလည်း အသိပေးပြီးလုပ်တာပါ " ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က ပြောသည်။
မန္တလေးတွင် ဒုစရိုက်ကျဆင်းရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုယက်မှုများ ပပျောက်ရေး အထူးစီမံချက်အဖြစ် ပုံစံအသစ်ဖြင့် ပြုလုပ်ကာ မှုခင်းများ မဖြစ်ပွားစေရန် ထိန်းသိန်းဆောင်ရွက်နေကြောင်း သိရသည်။
"မန္တလေးမှာက ဓားကိုင်ဆောင်ပြီး သွားတဲ့သူတွေက မူးယစ်ဆေးကြောင့် စိတ်ကြွပြီး လိုက်လံ ခုတ်တာတွေလည်းရှိသလို အကြောင်းမဲ့သက်သက် လိုက်ခုတ်တာတွေလည်းရှိတယ် နောက်ပြီး ဂိုဏ်းအဖွဲ့ဖွဲ့ပြီး လုပ်တာတွေလည်းရှိတယ် ။ အဲ့တာတွေပပျောက်အောင် လုပ်ဆောင်နေပါတယ်" ဟု ၎င်းက ဆက်ပြောသည်။
မန္တလေး ခရိုင်အတွင်းတွင် ယခုလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ အတွင်းတွင် စုစုပေါင်းအမှု ၂၅၄ မှု အရေးယူနိုင်ခဲ့ပြီး အမျိုးသား ၃၁၀ ဦး ၊ အမျိုးသမီး ၂၁ ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။
သူရိန်လင်း