မန္တလေး ၅ နိုဝင်ဘာ
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း စည်ပင်ပိုင်လမ်းတွေပေါ်မှာ စွန်လွှတ်ပြီး ကစားနေသူများအား အရေးယူတော့မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ကော်မတီပိုင်လမ်းများပေါ်တွင် စွန်မလွှတ်ဖို့ တားမြစ်ကြောင်း ကြေညာချက်ကို မြို့တော်စည်ပင်က ထုတ်ပြန်လိုက်ပြီး စွန်လွှတ်တာတွေ့ရှိပါက ဥပဒေအရ အရေးယူတော့မှာဖြစ်ကြောင်း သိရသည်။
“လမ်းတွေပေါ်မှာ စွန်လွှတ်တာကြောင့် လမ်းသွားလမ်းလာအချို့ကို ထိခိုက်ဒဏ်ရာရတာ အနှောင့်အယှက်ဖြစ်တာလည်း တွေ့ကြုံနေကြရပါတယ်။ ကော်မတီပိုင်လမ်းများပေါ်တွင် စွန်မလွှတ်ဖို့ တားမြစ်ကြောင်း ကြေညာချက်ကို မြို့တော်စည်ပင်က ထုတ်ပြန်ထားပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
စည်ပင်ပိုင်လမ်းများပေါ်တွင် စွန်လွှတ်သူကို ငွေဒဏ် အနည်းဆုံး ငွေကျပ် ၂၀၀၀၀ မှ ငွေကျပ် ၂၀၀၀၀၀ နဲ့ ထောင်ဒဏ် (၁)လအထိချမှတ်နိုင်ကြောင်း ဥပဒေပြဋ္ဌာန်းထားကြောင်း သိရသည်။
မေသက်ထား


