မန္တလေး  ၂၂   ဇွန် 

 

ရတနာပုံမြို့တည်၊ နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးနှင့် စြင်္ကာဒေဝီမိဖုရားခေါင်ကြီးတို့၏ ကောင်းမှုတော်ဖြစ်သောမဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားရုပ်ပွားတော်မြတ်ကြီး သီတင်းသုံးတော်မူရာ ‘’ ဂန္ဓကုဋိ ထုပိကာပြသာဒ်တော်ကြီး’’ ၏ စိန်ဖူးတော်၊ ငှက်မျက်နားတော်၊ ရွှေထီးတော် အထွဋ်တင်လှူပွဲကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ အဆိုပါ ဘုရားဝန်းတွင် ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ’’ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး “ထူးမခြားနား” အစချီရောင်ခြည်တော်ဘွဲ့ သီချင်း ဖြင့် ဂုဏ်ပြုပူဇော်သည်။ထို့နောက် နတ်ဒေဝါများ ဖိတ်ကြားသည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့၊ မစိုးရိမ်တိုက် ပါဠိနယူပဒေသကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်သူမြတ်ထံ မှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပသကာများက ပရိတ်ချည်၊ ပရိတ်ရေ၊ ပရိတ်သဲ၊ပရိတ်ပန်းနှင့်ပ ရိတ်နံ့သာရေတို့ကို ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး ပရိတ်ဒေသနာတော်မြတ်တို့ကို ပရိတ်သတ်အပေါင်းက နာယူကြည်ညိုကြသည်။ ယင်းနောက် ဥပါသကာများက ထုပိကာပြသာဒ်တော်ကြီးနှင့်ပရိဝုဏ်တို့အား ပရိတ်ချည်၊ပရိတ်ရေ၊ပရိတ်သဲနှင့်ပရိတ်ပန်း များကို ပက်ဖြန်း၊ကြဲဖြန့် ချည်နှောင် တားဆီး ကာရံပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များက စိန်ဖူးတော်၊ငှက်မြတ်နားတော်၊ ရွှေထီးတော် ဘုံအဆင့်ဆင့် တို့ကို ပရိတ်နံ့သာရည်များ ပက်ဖြန်းသည်။ ထို့နောက် ထုပိကာပြသာဒ်တော်ကြီး တွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ရွှေထီးတော်ဘုံအဆင့်ဆင့်တို့နှင့် သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့အား ဆရာတော်သံဃာတော်အရှင်သူမြတ်များထံ အလှူရှင်များက ဆက်ကပ်လှူဒါန်းသည်။ ၎င်းနောက် နိုင်ငံတော်သြဝါဒစရိယ မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် အတုလကာရီဆင်မင်းကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ သြဘာသာဘိဝံသ မဟာထေရ်မြတ် ထံမှ ရေစက်ချတရား နာယူကြည်ညိုကြပြီး ဘုရားဒါယကာ  ရတနာပုံမြို့တည်၊နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးနှင့် စကြာဒေဝီ မိဖုရားခေါင်ကြီး၊ ထုပိကာပြသာဒ်တော်ကြီး၏ ဒါယကာ ညောင်ရွှေစော်ဘွားကြီး စပ်စောမောင်နှင့် ညောင်ရွှေမဟာဒေဝီ တို့အား အစအဦးထားလျက် သုံးဆယ့်တစ်ဘုံသားအပေါင်းတို့အား အမျှပေးဝေသည်။

 

ယင်းနောက် မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား ရုပ်ပွားတော်မြတ်ကြီး သီတင်းသုံးတော်မူရာ ထုပိကာ ပြသာဒ်တော်ကြီးအား ဘက်စုံပြုပြင်မွမ်းမံလျက် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ရွှေထီးတော် အထွဋ်တင်လှူပူဇော်ရာတွင် အမှားအယွင်းများရှိပါက ခွင့်လွှတ်ပါရန် တောင်းပန် လျှောက်ထားသည်။

 

ထို့နောက် ဘုရားဒါယကာ၊ ဒါယကာမများ၊ ဂေါပကအဖွဲ့ဝင်များမှ ဒေဝါဝင်း၊ ရာဇာဝင်းများခြံရံကာ ရွှေထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား စေတီတော်မြတ်ကြီးထံ လင်္ကျာရစ် လှည့်လည်ပူဇော်ပြီး  မင်္ဂလာအချိန်အခါကျရောက်သည်နှင့်တပြိုင်နက်  “မင်္ဂလာအခါတော်’’ ဟု ဟစ်ကြွေးလျက် ရွှေထီးတော်မြတ်၏ ပဉ္စမဘုံဆင့် မှ စတင်ကာ ရွှေထီးတော်ဘုံအဆင့်ဆင့်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်မြတ်တို့ အား အစီအစဉ်အတိုင်း တင်လှူပူဇော်သည်။ ယင်းနောက်ရွှေထီးတော်တင်လှူပွဲအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုးငွေမိုး ရွာသွန်းဖြိုးကြသည်။

 

ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က မဟာသကျမာရဇိန်ကျောက်တော်ကြီး မြတ်စွာဘုရား ရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာဆောင်ရွက်ကြပြီး သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တို့အား ပြန်လည်ပို့ဆောင်သည်။ထို့နောက် အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု’’ သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)