မန္တလေး ၂၄ သြဂုတ်
မန္တလေးမြို့ရှိ ပန်းချီဆရာ ဆရာမများစုပေါင်းကာ ရေဘေးအတွက် ပန်းချီလက်တွေ့ ရေးဆွဲမှုပြုလုပ်ကာ ရရှိသည့်ငွေများကို လှူဒါန်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းပွဲကို သြဂုတ်လ ၂၄ ရက်နေ့ မှ သြဂုတ်လ ၂၆ ရက်နေ့အထိ ကျုံးဘေးတွင် ၃ ရက်တိုင်ကျင်းပသွားမည်ဖြစ်ပြီး ပန်းချီအနုပညာရှင် အမြောက်အများ လာရောက်ရေးဆွဲပေးလျက်ရှိသည်။
" အနည်းဆုံး အလှူငွေ ၅၀ဝ၀ ကျပ် လှူဒါန်းတာနဲ့ ပန်းချီဆရာ ဆရာမတွေ ရေးဆွဲထားတဲ့ ပန်းချီကား တစ်ကား လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ မန္တလေးအခြေစိုက်က ပန်းချီအနုပညာရှင်တွေ အပြင် စစ်ကိုင်း ပြင်ဦးလွင် ပုဂံ က ပန်းချီအနုပညာရှင်တွေလည်း လာရောက်ရေးဆွဲပေးတယ် " ဟု ပန်းချီမိုးဦး က ပြောသည်။
ပန်းချီရေးဆွဲလို့ ရသည့်ငွေကြေးများကို ရေဘေးကြောင့် လိုအပ်သည့်နေရာများအား အဓိက ရွေးချယ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ရှိ ပန်းချီအနုပညာရှင်များအနေဖြင့် ယခုလို ရေဘေးအတွက် အလှူခံရေးဆွဲပေးခြင်းသည် (၄) ကြိမ်မြောက်ရှိသွားပြီဖြစ်သည်။ ရေဘေးသင့်ပြည်သူများအတွက် မန္တလေးမြို့ရှိ ဓာတ်ပုံ အနုပညာရှင်များနှင့် ကာတွန်းပညာရှင်များကလည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။
သူရိန်လင်း


